ကမ္ဘာပေါ်မှာ ပရိသတ်အားပေးမှုအများဆုံး အားကစားတစ်မျိုးက ဘောလုံးပါပဲ။ ဘောလုံးဝါသနာအိုးတွေဟာ ဘောလုံးနဲ့ပတ်သက်လာရင် အသင်းနာမည်ကနေ အသင်းသမိုင်းကြောင်း ၊ ဘောလုံးသမားတွေရဲ့ စံချိန်နဲ့ အမှတ်တရပွဲစဉ်တွေအကြောင်းကို အချင်းချင်းဖလှယ်ရရင် မမောနိုင်မပန်းနိုင် ဖြစ်တတ်တဲ့အမျိုးပါ။ ဒါကြောင့်လည်း ဘောလုံးလောကထဲက ခပ်ဆန်းဆန်း ဘောလုံးအသင်းနာမည်တွေအကြောင်း ဗဟုသုတရစရာအဖြစ် မျှဝေလိုက်ရပါတယ်။
(၁) BSC Young Boys
Photo: wallpapercave
ဆွစ်ဇာလန်နိုင်ငံ Bern မြို့အခြေစိုက် နာမည်ကြီး ဘောလုံးအသင်းတစ်သင်းရှိပါတယ်။ အဲ့ဒီအသင်းကို BSC Young Boys လို့ ခေါ်ပါတယ်။ ဒီအသင်းဟာ ဆွစ်ဘောလုံးကလပ်တွေထဲမှာ နိုင်ငံတကာပေါက်ရောက်တဲ့ အအောင်မြင်ဆုံးအသင်းတစ်ခုဖြစ်ပြီး ဆွစ်လိဂ်ချန်ပီယံ ၁၆ ကြိမ်နဲ့ ဆွစ်ဖလား ၆ ကြိမ် ရခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ၁၈၉၈ က ထောင်ခဲ့တဲ့ နှစ်ပေါင်း ၁၂၃ နှစ် သက်တမ်းရှိတဲ့ ဒီအသင်းဟာ ဘေဆယ်အခြေစိုက် Old Boys ဆိုတဲ့ အသင်းကို ပြောင်ခေါ်တဲ့အနေနဲ့ Young Boys ဆိုပြီး ဖြစ်လာတာပါ။ ဟာသက စခဲ့တာ ဆိုပေမယ့် နှစ်ပေါင်း ၁၀၀ ကျော်တိုင် ဒီနာမည်နဲ့ အကျိုးပေးနေတယ်လို့ ဆိုရမှာပါ။
(၂) Cape Coast Mysterious Ebusua Dwarfs
Photo: primenewsghana
နာမည်ကို ဖတ်ရတာနဲ့တင် အတော်ကြောင်တဲ့ နာမည်ပဲလို့ ထင်စရာပါ။ Cape Coast ဆိုတာ ဂါနာနိုင်ငံရဲ့ မြို့ဖြစ်ပါတယ်။ ဒီနာမည်ကို ဘာသာပြန်မယ်ဆိုရင် Cape Coast မှ အံ့ဖွယ် Ebusua လူပုလေးများလို့ ယူနိုင်ပါတယ်။ ၁၉၃၂ ခုနှစ်က ထောင်ခဲ့တဲ့ အသင်းဖြစ်ပြီး ဂါနာပရီးမီးယားလိဂ်ကို ထောင်ခဲ့စဉ်ကတည်းက ပါလာတဲ့ အသင်းဖြစ်ပါတယ်။
(၃) Chicken Inn FC
Photo: futaa
ကြက်သား ညအိပ်စားသောက်ဆိုင်ဆိုတဲ့ နာမည်ကို အားကစားအသင်းနာမည်အဖြစ် သုံးတာ အတော်လေး ထူးဆန်းတာပါပဲ။ ဇင်ဘာဘွေ ပရီးမီးယားလိဂ်ဘောလုံးအသင်းမှာတော့ ဒီအသင်းဟာ ထိပ်တန်းပါပဲ။ ဒီနာမည်ဖြစ်လာရတာကလည်း အသင်းရဲ့ အဓိက စပွန်ဆာဖြစ်တဲ့ ဇင်ဘာဘွေသား အသင့်စား စားသောက်ကုန် Fast Food လက်လီပိုင်ရှင်ကို ရည်ညွှန်းတာပါတဲ့။
(၄) Club Always Ready
Photo: sortitoutsi
နာမည်ကတော့ သောက်ဆန်းကြီး။ စမ်းချင်ရာစမ်း အချိန်မရွေး ရယ်ဒီ ဆိုတဲ့သဘောမျိုး။ Club Always Ready ဟာ ဘိုလီးဗီးယားအသင်းဖြစ်ပြီး ဒီနာမည်ပေးရတဲ့ အကြောင်းရင်းကလည်း အမြဲတန်းအဆင်သင့်ဖြစ်စေရမယ်လို့ ကတိပေးထားလို့ပါတဲ့။ အသင်းတည်ထောင်တာကတော့ ၈၈ နှစ်တောင် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
(၅) Club The Strongest
Photo: Pinterest
ဒီအသင်းနာမည်ကလည်း ရှိန်စရာပါ။ အသန်မာဆုံးအသင်း (မောင်သန်မာတို့ကလပ်ပေါ့) ။ သူလည်း အပေါ်က စမ်းချင်ရာစမ်း မောင်ဘဂျမ်းလိုပဲ ဘိုလီးဗီးယားက အသင်းပါ။ သူကတော့ အသက်ပိုကြီးပါတယ်။ ၁၉၀၈ ခုနှစ်က တည်ထောင်ထားတာ ဖြစ်လို့ နှစ်ပေါင်း ၁၁၃ နှစ်အထိ ရှိပြီ ဖြစ်ပါတယ်။