ဘောလုံးလို့ ပြောလိုက်တာနဲ့ သင့်ရဲ့မျက်လုံးထဲမှာ ပြိုင်ဆိုင်မှုပြင်းထန်ပြီး ကမ္ဘာပေါ်က အများစု နှစ်သက်အားပေးတဲ့ အားကစားနည်းဆိုတာကို တန်းမြင်မိမှာပါ။ ဘောလုံးပွဲ အပတ်စဉ်ကြည့်ရှုရပေမယ့် ထူးခြားဆန်းကြယ်တဲ့အရာတွေ၊ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ၊ ပျော်ရွှင်မှုတွေ၊ ကြိတ်မနိုင်ခဲမရ ဖြစ်မှုတွေ၊ ဝမ်းနည်းမှုတွေ စတဲ့အရာတွေကြောင့် သင့်အနေနဲ့ ဘောလုံးပွဲကြည့်ရှုရတာကို ဘယ်တော့မှ ရိုးအီသွားမှာ မဟုတ်ပါဘူး။ ဘောလုံးနဲ့ပတ်သက်ပြီး သင် မသိလောက်တဲ့ ထူးခြားတဲ့ အံ့အားသင့်ဖွယ် ဇာတ်လမ်းတွေများစွာရှိနေပြီး အဲဒီထဲကမှ အံ့အားသင့်စရာ ဇာတ်လမ်း ၅ ခုကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဘောလုံးပွဲကြောင့် ရပ်တန့်ခဲ့ရတဲ့ ပြည်တွင်းစစ်

Pele stop the civil war for 48 hours

Photo: africasacountry

ဘောလုံးအားကစားဟာ စစ်ပွဲကိုတောင် ရပ်တန့်စေနိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော အားကစားဖြစ်ပါတယ်။ ၁၉၆၀ ကျော်ကာလတွေမှာ ဘရာဇီးလ်ကလပ် ဆန်းတို့စ်နဲ့ ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ပီလီဟာ ကမ္ဘာတလွှားက လူတွေရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံခဲ့ရပြီး ၁၉၆၇ ခုနှစ်မှာ ဆန်းတို့စ်အသင်းက နိုင်ဂျီးရီးယားမှာ နိုင်ငံတကာပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အဲဒီအချိန်က နိုင်ဂျီးရီးယားနိုင်ငံဟာ ပြည်တွင်းစစ် အရှိန်အဟုန်နဲ့ တောက်လောင်နေတဲ့ကာလဖြစ်ပြီး ပီလီ လာရောက်ကစားမှာဖြစ်တာကြောင့် ယာယီအပစ်အခတ်ရပ်စဲဖို့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေကြား သဘောတူညီမှု ရယူခဲ့ကြပါတယ်။ ဒါကြောင့် ၂ ဖက် လက်နက်ကိုင်အဖွဲ့တွေဟာ ဘောလုံးပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ကြည့်ရှုနိုင်ခဲ့ပြီး ပီလီ ပြန်သွားပြီဆိုတာနဲ့ ပစ်ခတ်မှုတွေ ပြန်လည်စတင်ခဲ့တာကြောင့် စုစုပေါင်း ၄၈ နာရီလောက် ဘောလုံးကြောင့် ငြိမ်းချမ်းရေးရခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

၂။ ခြေဗလာနဲ့ မကန်ရလို့ ကမ္ဘာ့ဖလား ဝင်မကန်တော့တဲ့ အိန္ဒိယအသင်း

india-fifa

Photo: sportageous

အိန္ဒိယလက်ရွေးစင်အသင်းဟာ ၁၉၅၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်ခဲ့ပေမယ့်လည်း ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။ အိန္ဒိယအသင်းဟာ ခရီးစရိတ်ကို အကြောင်းပြခဲ့ကြပေမယ့်လည်း အဲဒါက တစ်ခုတည်းသောအကြောင်းအရင်းမဟုတ်ဘဲ ဘောလုံးကန်ဖိနပ်တွေကြောင့် ပါဝင်ယှဉ်ပြိုင်ဖို့ ငြင်းပယ်ခဲ့တာလည်း ဖြစ်ပါတယ်။ အိန္ဒိယ ကစားသမားတွေဟာ ခြေဗလာနဲ့ပဲ ကစားချင်ခဲ့ကြပြီး ဖီဖာက ကမ္ဘာ့ဖလားမှာ ခြေဗလာနဲ့ ကန်ခွင့်မပြုတာကြောင့် နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယအသင်းဟာ ၁၉၅၄ ခုနှစ်ကနေ ၁၉၈၂ ခုနှစ်အထိ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ ၁၉၈၆ မှာ ပြန်လည်ယှဉ်ပြိုင်ကတည်းက လက်ရှိအချိန်အထိ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ နောက်ဆုံးအဆင့်ကို တက်ရောက်နိုင်ခြင်း မရှိသေးပါဘူး။

၃။ တစ်ပွဲတည်းမှာ ပင်နယ်တီ ၃ လုံးအထိ လွဲချော်ခဲ့တဲ့ ကစားသမား

martin palermo missed three penalties kick in fifa

Photo: goaldentimes

မာတင် ပါလာမိုဟာ ၁၉၉၉ ခုနှစ်မှာ သမိုင်းမှတ်တမ်းတစ်ခု ရရှိခဲ့ပါတယ်။ အာဂျင်တီးနားအသင်းအတွက် တူညီတဲ့ပွဲစဉ်တစ်ခုတည်းမှာ ၃ ကြိမ်အထိ ပင်နယ်တီလွဲချော်ခဲ့တာဖြစ်ပြီး ဘောလုံးသမိုင်းမှာ တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးတဲ့ဖြစ်ရပ်ဖြစ်ပါတယ်။ ပါလာမိုဟာ ၂၀၀၉ ခုနှစ်မှသာ လက်ရွေးစင်အသင်းအတွက် ပြန်လည် ကစားပေးခဲ့ပြီး ပါလာမိုရဲ့ အဆုံးအဖြတ်သွင်းဂိုးကြောင့် အာဂျင်တီးနားအသင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလားအတွက် နောက်ဆုံးမိနစ်မှာ ခြေစစ်ပွဲအောင်မြင်တဲ့အသင်းဖြစ်ခဲ့ပါတယ်။

၄။ ခိုးယူခြင်းခံခဲ့ရတဲ့ ကမ္ဘာ့ဖလားရုပ်တု

world cup statue was stolen

Photo: fifamuseum

၁၉၆၆ ခုနှစ်မှာ ကမ္ဘာ့ဖလားရုပ်တုဟာ အင်္ဂလိပ်ကမ္ဘာ့ဖလား မစတင်မီ လအနည်းငယ်အလိုမှာပဲ လန်ဒန်မြို့မှာ ခိုးယူခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ဒေသတွင်း ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ချက်ကြောင့် မဟုတ်ဘဲ ခွေးလေးတစ်ကောင်ကြောင့် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ‘Pickles’ လို့ အမည်ရတဲ့ခွေးလေးဟာ လမ်းထွက်လျှောက်ချိန်မှာ ကမ္ဘာ့ဖလားရုပ်တုကို ရှာတွေ့ခဲ့တာဖြစ်ပြီး ခွေးလေးနဲ့ သူ့ရဲ့သခင်ဟာ ဟီးရိုးတွေ ဖြစ်လာခဲ့ကြပါတယ်။

၅။ ကြံကြံဖန်ဖန် ဒဏ်ရာရခဲ့တဲ့ ကစားသမား

Lionel Letizi of PSG

Photo: sofoot

ဘောလုံးသမားတစ်ဦးဟာ စာလုံးစပ်ဘုတ်ပြားဂိမ်းကစားရင်း ကိုယ့်ကိုကိုယ် ဒဏ်ရာရရှိအောင် ပြုလုပ်မိခဲ့ပါတယ်။ အဲဒီကစားသမားကတော့ ပြင်သစ်ဂိုးသမား လီယွန်နယ် လက်တီဇီဖြစ်ပြီး အဲဒီအချိန်က ပီအက်စ်ဂျီအသင်းရဲ့ ဂိုးသမားအဖြစ် ကစားပေးနေတာဖြစ်ပါတယ်။ ဒဏ်ရာရသွားတဲ့ပုံကတော့ စာလုံးစပ်တဲ့ ဘုတ်ပြားအပိုင်းအစလေးတစ်ခု စားပွဲခုံအောက်ကျသွားလို့ ကုန်းကောက်ရင်း ပစ်လဲကျပြီး ခါးနာသွားတာပါ။ အဲဒီခါးနာဒဏ်ရာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ပွဲစဉ်တွေကို ၂ လအထိ လွဲချော်ခဲ့ပြီး ဘောလုံးသမိုင်းတလျှောက်မှာ အဆိုးရွားဆုံး ဒဏ်ရာတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

Featured Image Source: africasacountry