ရုပ်ရှင်ဒါရိုက်တာအများစုကတော့ အနုပညာဖန်တီးချင်စိတ် ရှေးရှုပြီး ရုပ်ရှင်တွေ ရိုက်ကူးခဲ့တာပါ။ ငွေကြေးအောင်မြင်မှုဆိုတာ သူတို့ရဲ့ စိုက်ထည့်လိုက်တဲ့ လုပ်အားနဲ့ သူတို့ရဲ့ အနုပညာစွမ်းရည်နောက်မှာ တကောက်ကောက်လိုက်လာတဲ့ သဘောပါပဲ။ ထိပ်တန်းအောင်မြင်ကျော်ကြားတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်လာဖို့ဆိုတာ သိပ်ခက်ခဲပါတယ်။
အနုပညာအရရော ငွေကြေးအရရော အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်လာဖို့ဆိုတာ ပိုလို့တောင် ခက်ခဲနိုင်ပါတယ်။ ဒီလို ဒါရိုက်တာတွေထဲကမှ သူတို့လက်နဲ့ထိရင် ရွှေဖြစ်တယ်လို့ ဆိုရအောင် အောင်မြင်ချမ်းသာတဲ့ ဟောလီဝုဒ်မှ အချမ်းသာဆုံး ဒါရိုက်တာတချို့အကြောင်း မျှဝေပေးလိုက်ပါတယ်။
(၅) Peter Jackson

Photo: variety
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ထိပ်ထိပ်ကြဲ ပေါက်သွားတဲ့ ရုပ်ရှင်ကားတွေ အများကြီး ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ပီတာဂျက်ခ်ဆန်ကတော့ ဟောလီဝုဒ်ရဲ့ အချမ်းသာဆုံးဒါရိုက်တာစာရင်းမှာ နံပါတ် ၅ နေရာက ရှိပါတယ်။ Wealthy Gorilla ရဲ့ အချက်အလက်တွေအရ The Lord of The Rings သုံးကားတွဲကို ရိုက်ကူးချိန်မှာ ဂျက်ခ်ဆင်ဟာ ဒေါ်လာသန်း ၁၈၀ ရခဲ့တယ်လို့ ဆိုပါတယ်။
ဒီရုပ်ရှင်တွေအပြင် King Kong ကားမှာလည်း အနုပညာကြေး ဒေါ်လာသန်း ၂၀ နဲ့ ရုံတင်ခံရငွေအရပ်ရပ်ရဲ့ ၂၀% ကိုလည်း ရခဲ့တာပါ။ ဒီရုပ်ရှင်အပြင် သူရိုက်ကူး ၊ ထုတ်လုပ်စီစဉ်တဲ့ Hobbit ကားတွေကနေလည်း အောင်မြင်မှုတွေ တသီကြီး ရရှိခဲ့ပါတယ်။ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုက ဒေါ်လာ သန်း ၅၀၀ ရှိပါတယ်။
(၄) James Cameron

Photo: variety
The Terminator 1,2 ၊ Titanic နဲ့ Avatar စတဲ့စတဲ့ ကမ္ဘာကျော်ရုပ်ရှင်ကြီးတွေ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန်းက ဒေါ်လာသန်း ၇၀၀ နဲ့ ဟောလီဝုဒ်မှာ စတုတ္ထမြောက် အချမ်းသာဆုံးအဖြစ် ရပ်တည်နေပါတယ်။ ဒီဒါရိုက်တာကြီးဟာ Titanic ရုပ်ရှင် ကုန်ကျစရိတ်ထက်ပိုပြီး ဝင်ငွေရလာချိန်မှာ သူရမယ့် လုပ်ခ ဒေါ်လာ ၈ သန်းကို အဆုံးခံပြီး ရုံတင်ကြေးခိုင်နှုန်းယူခဲ့တယ်လို့ ဆိုပါတယ်။
Titanic ဟာ ဝင်ငွေ ဒေါ်လာ ဘီလျံချီရခဲ့တဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်ရဲ့ ဝင်ငွေအမြင့်ဆုံး ရခဲ့တဲ့ ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ နဲ့ ၂၀၁၇ မှာ 3D Version နဲ့ပြန် ထုတ်လွှင့်ခဲ့ချိန်မှာ မြောက်အမေရိကမှာ ဒေါ်လာ ၆၅၉.၄ သန်းနဲ့ တခြားနိုင်ငံတွေမှာ ဒေါ်လာ ၁.၈၁၂ ဘီလျံ စုစုပေါင်း ဒေါ်လာ ၂.၁၉၅ ဘီလျံရခဲ့ပါတယ်။ စုစုပေါင်း Titanic ကနေ ရခဲ့တဲ့ ဝင်ငွေဟာ ဒေါ်လာ ၃.၁ ဘီလျံအထိ ရှိခဲ့ပါတယ်။
ဂျိမ်းစ်ကင်မရွန်းလည်း အော်စကာ ၁၁ ဆုအထိ စံချိန်တင်ရခဲ့တဲ့ Titanic ကနေ ဒေါ်လာ သန်း ၆၅၀ အထိ ရခဲ့သလို Avatar ကနေလည်း အနည်းဆုံး ဒေါ်လာသန်း ၃၅၀ ရခဲ့တာပါ။
(၃) Tyler Perry

Photo: wabe
တိုင်လာပယ်ရီဟာ အမေရိကန်လူမျိုး ဘီလျံနာဒါရိုက်တာကြီးဖြစ်ပြီး ကိုယ်ပိုင် ထုတ်လုပ်ရေးတွေကြောင့် အခုလို ဟောလီဝုဒ်ရဲ့ တတိယအချမ်းသာဆုံး ဒါရိုက်တာ ဖြစ်လာတာပါ။ အဘွားကြီးစရိုက် Madea ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရာမှာ လူသိများတဲ့သူဟာ ၂၀၁၀-၁၁ တစ်နှစ်အတွင်း ဒေါ်လာသန်း ၁၃၀ အထိ ဝင်ခဲ့ပြီး Forbes မဂ္ဂဇင်းရဲ့ ဖျော်ဖြေရေးလောကမှ ဝင်ငွေအမြင့်ဆုံးအမျိုးသားအဖြစ် ဖော်ပြခံခဲ့ရပါတယ်။
ရုပ်ရှင်သမိုင်းမှာ ငါးနှစ်အတွင်း Box Office ရဲ့ နံပါတ်တစ် ရုပ်ရှင် ၅ ကားကို ထုတ်လုပ်ခဲ့တဲ့ တစ်ဦးတည်းသော ရုပ်ရှင်ထုတ်လုပ်သူလည်း ဖြစ်ပါတယ်။ အသက် ၅၁ နှစ်အရွယ် တိုင်လာပယ်ရီရဲ့ ၂၀၂၁ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁ ဘီလျံရှိမယ်လို့ Forbes က ခန့်မှန်းထားပါတယ်။
(၂) Steven Spielberg

Photo: vanityfair
အကျော်ကြားဆုံး ပါရမီရှင် ဒါရိုက်တာတွေအကြောင်း ပြောရင် Jaws , Indiana Jones စတဲ့ ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘာ့ဂ်ကို ချန်ထားလို့ မဖြစ်ပါဘူး။ ဟောလီးဝုဒ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲက တချို့ဖြစ်တဲ့ E.T ၊ Jurassic Park နဲ့ Saving Private Ryan စတဲ့ကားတွေကိုလည်း ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီးဟာ နှစ် ၄၀ ကျော် အနုပညာသမိုင်းကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။
သူ့ရဲ့ အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ကားတွေအကြောင်းကို အပြည့်အစုံ စာရင်းကောက်ရင် စာရှည်ရုံပဲ ရှိမှာပါ။ ၂၀၂၁ မှာ အသက် ၇၄ နှစ်ရှိပြီ ဖြစ်တဲ့ ဒါရိုက်တာကြီးရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၃.၇ ဘီလျံ ရှိမယ်လို့ Forbes က ဆိုပါတယ်။
(၁) George Lucas

Photo: variety
အမေရိကန်ရုပ်ရှင်ဒါရိုက်တာကြီး ဂျော့ချ်လူးကပ်စ်ကို Star Wars နဲ့ Indiana Jones ရုပ်ရှင် ဇာတ်ကားတွေနဲ့ လူသိများပါတယ်။ တကယ်တော့ သူဟာ Lucasflim ၊ LucasArts နဲ့ Industrial Light & Magic စတဲ့ အနုပညာထုတ်လုပ်ရေးတွေလည်း ပိုင်ဆိုင်ားသူ ဖြစ်ပါတယ်။ ရုပ်ရှင်သမိုင်းမှာ ငွေကြေးအရ အအောင်မြင်ဆုံး ပုဂ္ဂိုလ်အဖြစ် သူ့ကို အသိအမှတ်ပြုထားကြပါတယ်။
Star Wars နဲ့ Indiana Jones ရုပ်ရှင်ကားတွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရုပ်ရှင်လက်မှတ်ဖိုး ဒေါ်လာ ၁၂ ဘီလျံလောက် ရခဲ့တဲ့ ရုပ်ရှင်တွေ ဖြစ်လို့ သူ့ကို ကမ္ဘာ့အချမ်းသာဆုံးဒါရိုက်တာအဖြစ်ကို ရောက်စေတာပါ။ ၂၀၁၂ မှာ သူဟာ Star Wars လုပ်ငန်းမူပိုင်ခွင့်ကို Disney ဆီ ရောင်းရာမှာ ငွေသားဒေါ်လာ ၂.၂၁ ဘီလျံနဲ့ ရှယ်ယာ ၃၇ သန်း ရခဲ့ပါတယ်။ Disney ကို မူပိုင်ခွင့်ရောင်းပြီးတဲ့အချိန်ကစလို့ သူ့အိတ်ကတ်ထဲ ဒေါ်လာဘီလျံနဲ့ ချီတဲ့ ငွေတွေ စီးဝင်လာတာ ဖြစ်ပါတယ်။
လက်ရှိ ၂၀၂၁မှာ သူ့ရဲ့ အသားတင် ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၇.၂ ဘီလျံခန့် ရှိပါတယ်။
Featured Photo: Tuko
