ရေကုန်ရေခမ်း ကြိုးစားကာ အလုပ်လုပ်ခြင်းနှင့် စမတ်ကျကျ အလုပ်လုပ်ခြင်းတို့တွင် ဘယ်အရာက ပိုပြီးအထိရောက်ဆုံးဖြစ်မယ်လို့ သင် ထင်ပါသလဲ။
ရှေးယခင်တုန်းကတော့ လူကြီးမိဘများက အလုပ်ကို အသေအလဲ ကြိုးစားပြီး ပြုလုပ်ကြတာမျိုးကိုသာ လိုချင်ကြပါတယ်။ ဒါပေမဲ့ ယခုလို ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာတော့ အစွမ်းကုန် အလုပ်ကြိုးစားဖို့ထက် စမတ်ကျကျအလုပ်လုပ်ဖို့ကသာ ပိုပြီး အရေးကြီးလာတာပါ။
စမတ်ကျကျ အလုပ်လုပ်ခြင်းကြောင့် သင့်ရဲ့စွမ်းအင်ကို ချွေတာနိုင်ခြင်း၊ အရည်အချင်းများ တိုးတက်လာခြင်း၊ စိတ်ဓာတ်ခွန်အား မြင့်မားလာခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှု မြင့်မားလာခြင်းနှင့် မိမိသည် နေရာတစ်နေရာတွင် အရေးပါ အရာရောက်သောသူတစ်ယောက်ဖြစ်ကြောင်းကို ခံစားရစေပါတယ်။
ဒါဆိုရင် အလုပ်ကြိုးစားရာကနေ စမတ်ကျကျ အလုပ်လုပ်နိုင်အောင် ဘယ်လိုပြောင်းလဲရမလဲ။
သင့်ရဲ့ပြက္ခဒိန်ကို မကြည့်ပါနဲ့
အလုပ်လုပ်ဖို့အတွက် အာရုံစုစည်းရတဲ့အခါ ပြက္ခဒိန်ကို မှောက်ထားလိုက်ပါ။ ဒီလိုဆိုရင် “ဒီနေ့မလုပ်လည်းရပါသေးတယ်။ နောက်ရက်ကျမှ ပေါင်းလုပ်တော့မယ်” ဆိုတဲ့ စိတ်ခံစားချက်မျိုး ပျောက်ကွယ်သွားပါလိမ့်မယ်။
ချက်ချင်း တုံ့ပြန်ပါ
မြန်မြန်ဆန်ဆန်တုံ့ပြန်တတ်တဲ့ အလေ့အကျင့်မျိုး မွေးမြူပါ။ အီးမေးလ်တစ်စောင်ကို ဖွင့်စစ်ကြည့်လိုက်လို့ ထိုအီးမေးလ်က ချက်ချင်းပြန်စာပို့ရမယ်ဆိုရင် တစ်ခါတည်း ပြန်လိုက်ပါ။ ဒါဆိုရင် အလုပ်တစ်ခု ပြီးသွားပါပြီ။ တစ်ယောက်ယောက်က သင့်ကို ဖုန်းပြန်ဆက်ဖို့ ပြောထားတဲ့အခါ ထိုသူထံ ၂၄ နာရီအတွင်း ဖုန်းပြန်ဆက်ရပါမယ်။
အချိန်ကို ထည့်မတွက်ဘဲ ရလာဒ်ကိုသာ စဉ်းစားပါ
အလုပ်တစ်ခုပြီးသွားတဲ့အခါ ထိုအလုပ် ပြီးမြောက်သွားကြောင်းကို မှတ်စုစာအုပ်ထဲ ချရေးထားလိုက်ပါ။ ဒါဆိုရင် စိတ်ခွန်အား တက်စရာတစ်ခု ရသွားပြီး သင့်ရဲ့အောင်မြင်မှုအတွက် မိမိကိုယ်ကို ဂုဏ်ယူနေရမှာပါ။
မိနစ် ၉၀ စည်းကမ်း ကျင့်သုံးပါ
လေ့လာတွေ့ရှိချက်အရ လူသားများရဲ့ဦးနှောက်သည် မိနစ် ၉၀ သာ အာရုံစိုက်နိုင်ကြပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အလုပ်တစ်ခုကို မိနစ် ၉၀ အတွင်း ပြီးအောင် လုပ်ဖို့ ကြိုးစားပါ။ မိနစ် ၉၀ ပြည့်တဲ့အခါ ၁၀ မိနစ်လောက် အနားယူပါ။ နောက်ထပ် မိနစ် ၉၀ ပြန်အလုပ်လုပ်ပါ။ ထိုမိနစ် ၉၀ အတွင်း ဖုန်းသုံးခြင်း၊ ဟိုငေးဒီငေးဖြင့် အချိန်ကုန်သွားခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်။
အလုပ် နှစ်ခု၊ သုံးခုကို တစ်ပြိုင်တည်း မလုပ်ပါနဲ့
လေ့လာချက်များအရ အလုပ်နှစ်ခု၊ သုံးခုကို ပြိုင်လုပ်တဲ့အခါ အချိန်ပိုကုန်တာပဲအဖတ်တင်ပြီး စိတ်မွန်းကြပ်ခြင်းကိုလည်း ခံစားရနိုင်တယ်လို့ သိရှိရပါတယ်။ သင့်ရဲ့ဦးနှောက်သည် အလုပ်တစ်ခုကနေ အခြားတစ်ခုကို အာရုံပြောင်းလိုက်ရတဲ့အခါ ပိုအချိန်ကုန်ပြီး သင့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းလည်း လျော့ကျသွားပါလိမ့်မယ်။
Source: Indeed.com
Featured Image Source: Boardtrac.com.au