ပီအက်စ်ဂျီအသင်းဟာ ကိုင်လီယန် ဘတ်ပီအတွက် ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ ယူရိုသန်း ၂၂၀ တောင်းဆိုထားတယ်လို့ ပြင်သစ်က သတင်းတွေအရ သိရပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းကို စွန့်ခွာချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသထားသူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး ပြောင်းရွှေ့ချင်တဲ့နေရာဖြစ်နေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နွေရာသီတလျှောက်လုံး ဘတ်ပီအနေနဲ့ အသင်းကို စွန့်ခွာမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားထားခဲ့ပေမယ့် ပြင်သစ်တိုက်စစ်မှူးဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မယ့် လက်ရှိစာချုပ်ကို သက်တမ်းတိုးဖို့ ငြင်းဆန်နေတာကြောင့် လီဂူးဝမ်းကလပ်ဟာ ၎င်းတို့ရဲ့အနေအထားကို ပြန်လည်စဉ်းစားနေပြီဖြစ်ပါတယ်။

Kylian Mbappe

Photo: Metro

ယခုအပတ်အစောပိုင်းတုန်းက ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘတ်ပီအတွက် ပထမဆုံး ကမ်းလှမ်းမှုအနေနဲ့ ယူရိုသန်း ၁၆၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ Le Parisien ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာတော့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၂၂၀ သတ်မှတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် အသင်းကို စွန့်ခွာချင်နေတဲ့ ဘတ်ပီရဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ကြယ်ပွင့်တိုက်စစ်မှူးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေစဉ်အတွင်း မက်ဒရစ်ရဲ့ အပြုအမူကိုတော့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

“ဘတ်ပီက အသင်းက ထွက်ခွာချင်နေပါလိမ့်မယ်။ အဲဒါက ကျွန်တော့်အတွက်တော့ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်”

“ရီးရဲလ်မက်ဒရစ်က ကမ်းလှမ်းမှု ပြုလုပ်ခဲ့မယ်ဆိုရင် ဒီဟာက ကျွန်တော့်အတွက် ရှင်းသွားမယ့်ပုံပါပဲ။ ကျွန်တော် အားလုံးအတွက် ရှင်းလင်းမယ်လို့ ထင်ရတဲ့ အနေအထားတစ်ခု ပေးထားပါတယ်”

“ကျွန်တော်တို့ အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးအပတ်မှာ ကျွန်တော်တို့ရဲ့အစီအစဉ်ကို မပြောင်းလဲနိုင်ပါဘူး။ တကယ်လို့ သူသာ ထွက်ဖို့ ပြင်နေတာဆိုရင် သူ့ကို ဆွဲမထားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သတ်မှတ်ထားတဲ့အတိုင်းတော့ ဖြစ်ရပါလိမ့်မယ်”

“ဘယ်လောက်လဲဆိုတာကိုတော့ ကျွန်တော် အတည်မပြုနိုင်ပါဘူး။ ဒါပေမယ့် အဲဒီဝန်းကျင်လောက်တော့ ဖြစ်မှာပါ။ ကျွန်တော်တို့ ပေးခဲ့ရတာထက်တော့ နည်းပါတယ်။ ဒါပေမယ့် အထူးသဖြင့် ရီးရဲလ်မက်ဒရစ် လုပ်ခဲ့တဲ့ပုံစံက ကျွန်တော်တို့ကို စိတ်မသက်မသာဖြစ်စေပါတယ်”

“ရီးရဲလ်က ဒီလိုပြုမူနေခဲ့တာ ၂ နှစ်ရှိပါပြီ။ အဲဒါက မှားပါတယ်။ သူတို့တွေ ကစားသမားကို ဆက်သွယ်ခဲ့တယ်ဆိုရင်တောင်မှ တရားမဝင်ပါဘူး။ အဲဒါက ကျွန်တော်တို့အတွက် လက်ခံနိုင်စရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ မှားနေလို့ပါ”

Kylian Mbappe and Neymar

Photo: Talksport

“ကျွန်တော်တို့ စကားတွေ အများကြီးပြောခဲ့တယ်။ သူက အမြဲတမ်း တူညီတဲ့အရာကိုပဲ ပြောတယ်။ ကိုင်လီယန်က အမြဲတမ်း ကတိပေးခဲ့တာက အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာမဟုတ်ဘူးဆိုတာပါ။ အဲဒါ သူအမြဲတမ်း ပြောခဲ့တဲ့စကားပါ”

“ကျွန်တော်တို့ ရီးရဲလ်နဲ့ နောက်ထပ်စကားပြောရဦးမလား ကြိုမသိနိုင်ပါဘူး။ ဒါက စျေးကွက်ဖြစ်ပြီး ကျွန်တော်တို့ဘက်ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ သူ့ကို ထိန်းသိမ်းထားပြီး စာချုပ်သက်တမ်းတိုးချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ မိုနာကိုအသင်းကို ငွေပေးဖို့ အကြွေးတင်နေတုန်းဆိုတော့ ကျွန်တော်တို့ ပေးခဲ့ရတာထက်တော့ နည်းတဲ့ပမာဏနဲ့ သူ့ကို ထွက်ခွာခွင့်ပေးမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Talksport