ရွိုင်ကိန်းနဲ့ ပီတာ ရှမိုက်ကယ်တို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ အတူတူ ကစားခဲ့တဲ့ကာလအတွင်း သူငယ်ချင်းကောင်းတွေ မဖြစ်ခဲ့ကြတာ ကျိန်းသေပါတယ်။
စင်ကာပူကို ရာသီကြိုခရီးစဉ် ထွက်ခဲ့စဉ်တုန်းက ညကြီးမိုးချုပ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကို ရွိုင်ကိန်းက မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ အိုင်ယာလန်လက်ရွေးစင်ကြယ်ပွင့်ဟောင်းဟာ ကွင်းတွင်းရော ကွင်းပြင်ပမှာပါ ဘာကိုမှ သောက်ဂရုမစိုက်တတ်တဲ့စတိုင်လ်ကြောင့် လူသိများပြီး အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ကာလ နောက်ဆုံးအပိုင်းလောက်မှာ ရှမိုက်ကယ်နဲ့ တစောင်းစေးနဲ့ မျက်ချေးဖြစ်ခဲ့ကြတာဖြစ်ပါတယ်။
ရွိုင်ကိန်းနဲ့ ရှမိုက်ကယ်တို့ဟာ ၁၉၉၈ ခုနှစ် နွေရာသီမှာ စင်ကာပူနိုင်ငံက ဟိုတယ်တစ်ခုမှာ မနက် ၄ နာရီကြီး ထထိုးခဲ့ကြပြီး ယူနိုက်တက်ကွင်းလယ်ကစားသမားရဲ့ လက်ချက်ကြောင့် ဒိန်းမတ်ဂန္တဝင်ဂိုးသမားကြီးဟာ မျက်ကွင်းကြီး ညိုသွားခဲ့ရတာဖြစ်ပါတယ်။ ရွိုင်ကိန်းက အသင်းဖော်ဟောင်း ဂယ်ရီ နဗီးနဲ့ The Overlap’s YouTube ချန်နယ်အတွက် အင်တာဗျူး ပြုလုပ်ခဲ့ရာမှာ ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: irishtimes
“ကောင်းတာတစ်ခုက အဲဒီညမှာ ကျွန်တော်နဲ့ ပီတာတို့ ထချခဲ့တယ်။ အဲဒါက သူ့ရဲ့ အမှားပါ။ သူ လက်မြှောက်ပြီး တောင်းပန်ခဲ့ပါတယ်။ အဲဒီကိစ္စက အားလုံးအဆင်ပြေသွားပါတယ်”
“ကျွန်တော်တို့က ရာသီကြိုကာလမှာ အရွယ်ရောက်ပြီးသားလူကြီးတွေဖြစ်ခဲ့ပါတယ်။ အစုအဖွဲ့ထဲမှာ ဖြစ်တတ်တဲ့ တင်းမာမှု နည်းနည်းလေးတော့ ရှိတာပေါ့။ ကျွန်တော်တို့က အသင်းမှာ ကစားဖို့ နေရာရအောင်နဲ့ စာချုပ် ချုပ်အောင် လုပ်နေကြတဲ့ လူငယ်တွေပါ။ ပီတာက ရန်ပွဲဖြစ်ချင်ခဲ့တယ် ။ကျွန်တော် မာဘယ်လာမှာ ပယ်လီ(ဂယ်ရီ ပယ်လစ္စတာ)နဲ့လည်း ထိုးခဲ့တယ်။ အဲဒီမတိုင်ခင် ရက်သတ္တပတ်အနည်းငယ်လောက် ကျွန်တော် ပယ်လီနဲ့ အတူတူရှိခဲ့ပြီး သူက အရမ်းကောင်းတဲ့လူတစ်ယောက်ပါ”
“ကျွန်တော် ရေးရေးလေး မှတ်မိနေသေးတာက ဘော်ဘီ ချာလ်တန် တံခါးဖွင့်ဝင်လာပြီး ကျွန်တော်နဲ့ သူ ထိုးနေတာကို မြင်သွားပါတယ်။ သူ့စိတ်ထဲမှာ သောက်ဒုက္ခပဲလို့ တွေးနေမယ်လို့ ကျွန်တော် လောင်းရဲတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီနှစ်မှာ လိဂ်ဖလားကို ရရှိခဲ့တယ်။ အဲဒီတော့ အဲဒါက အကူအညီဖြစ်ခဲ့ပါတယ်”
“ကျွန်တော်နဲ့ နစ်ကီ ဘတ်က ညဘက်အပြင်ထွက်လည်ခဲ့ကြပြီး ဟိုတယ် ဧည့်ကြိုကောင်တာမှာ ပီတာကို ဝင်တိုက်မိခဲ့ကြတယ်။ အဲဒီအချိန်က မနက် ၂ နာရီလောက်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် နည်းနည်း မချေမငံစကားလေးတွေ ပြောခဲ့ကြတယ်”
“အခန်းသန့်ရှင်းရေး လုပ်မှာမို့လို့ ကျွန်တော် နစ်ကီရဲ့ အခန်းကို သွားဖို့ အခန်းထဲကအထွက် ပီတာက အခန်းအပြင်ဘက်မှာ ကျွန်တော့်ကို စောင့်နေတယ်။ သူက ‘မင်း တော်တော်များသွားပြီ။ ဒီကိစ္စကို ရှင်းရမယ့် အချိန်ရောက်ပြီ’လို့ ပြောခဲ့တယ်။ အဲဒီတော့ ကျွန်တော်ကလည်း ဟုတ်ပြီပေါ့”

Photo: Planet Football
“ပြီးတော့ ကျွန်တော်တို့ ထိုးကြပါလေရော။ ၁၀ မိနစ်လောက် ကြာတယ်လို့ ခံစားခဲ့ရပါတယ်။ ပီတာက အကောင်ကြီးတော့ အသံတွေက ဆူညံနေတာပေါ့”
“ကျွန်တော် အဲဒီနေ့ မနက် အိပ်ရာနိုးတော့ ရန်ဖြစ်တာကို ရေးရေးလေးပဲ မှတ်မိပါတယ်။ ကျွန်တော် ဒန်းနစ် အာဝင်နဲ့ အဲဒီအကြောင်းကို ဖောက်သည်ချခဲ့ပြီး လေဆိပ်သွားမယ့် ဘတ်စ်ကားတောင် နည်းနည်းနောက်ကျသွားပါတယ်”
“ကျွန်တော် သူ့ကို ပြောခဲ့တာက ‘ညတုန်းက ငါ ရန်ဖြစ်ခဲ့တယ်လို့ ထင်တယ်’လို့ ဆိုတာကို မှတ်မိပါသေးတယ်။ ကျွန်တော့်လက်တွေက တကယ်ကို ယောင်ကိုင်းနေပြီး လက်ချောင်းတစ်ချောင်းဆိုရင် နောက်ကိုတောင် လန်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Featured Photo: Planet Football
