မန်ချက်စတာစီးတီး ပရိသတ်တွေအတွက်တော့ ခက်ခဲတဲ့ ၄၈ နာရီဖြစ်ခဲ့ပြီး နောက်ဆုံးအနေနဲ့ သူတို့တွေ ကြားချင်တာကတော့ ရော်နယ်ဒို အသင်းကို ပြောင်းရွှေ့ခါနီးကနေ တခြားဘက်လှည့်သွားအောင် နည်းပြ ဂွါဒီယိုလာ ဘယ်လို မှတ်ချက်ပေးခဲ့လဲဆိုတာ ဖြစ်ပါလိမ့်မယ်။
အီတလီသတင်းဌာန La Repubblica နဲ့ အင်တာဗျူးကို ထောက်ရှုရမယ်ဆိုရင် ဂွါဒီယိုလာဟာ သင် ထင်ထားတဲ့အတိုင်းပဲ ရော်နယ်ဒိုကို လက်ကမ်း ကြိုဆိုခြင်း မရှိခဲ့ပါဘူး။ ဂွါဒီယိုလာဟာ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးနဲ့ပတ်သက်ပြီး အေးစက်စက်ဖြစ်နေခဲ့ပြီး အဲဒါကပဲ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့သွားစေခဲ့တဲ့အရာ ဖြစ်ခဲ့ပါတယ်။

Photo: SportBible
ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက ရီးရဲလ်မက်ဒရစ်နဲ့ ရော်နယ်ဒိုရဲ့ အဓိကရန်သူဖြစ်ခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်နဲ့ ဘယ်လိုမှ ကောင်းမွန်တဲ့ဆက်ဆံရေးကို မထူထောင်နိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ဂွါဒီယိုလာသာ ရော်နယ်ဒိုကို မန်ချက်စတာစီးတီးအသင်းမှာ ရှိနေစေချင်ခဲ့တယ်ဆိုရင် ဂျူဗင်တပ်တိုက်စစ်မှူးနဲ့ ဖုန်းပြောဆိုမှုအတွင်းမှာ “မင်း လာမယ်ဆိုရင် ငါတို့တွေ အတူတူနေနိုင်အောင် ကြိုးစားကြတာပေါ့။ ဒါပေမယ့် ဘာမှတော့ မင်းကို အာမခံချက် မပေးနိုင်ဘူးနော်”လို့ ပြောခဲ့စရာ အကြောင်းမရှိပါဘူး။
ဘယ်လို ပြောချလိုက်တာလဲလို့ အားလုံး တွေးမိကြမှာဖြစ်ပြီး ဖုန်းပြောနေတဲ့သူဟာ ကြယ်ပွင့်ကစားသမားဖြစ်လာမယ့် လူငယ်ခြေတက်လေးမဟုတ်ဘဲ ရော်နယ်ဒိုဆိုတာ သိသိကြီးနဲ့ ပြောခဲ့တာပါ။ ဂွါဒီယိုလာက ရော်နယ်ဒိုသာ ဂျူဗင်တပ်ကနေ အီတီဟတ်ကို လာမယ်ဆိုရင် မြန်နှုန်းမြင့် တောင်ပံကစားသမားတွေနဲ့ ကွင်းလယ်ကစားသမားတွေရဲ့ ဖန်တီးမှုတွေကနေ ရော်နယ်ဒိုက တစ်ချက်ထိသွင်းဂိုးတွေ အများကြီး သွင်းယူပေးနိုင်ပြီး အဓိကကစားသမားဖြစ်လာမယ်ဆိုတာ သိခဲ့ပေမယ့် သေချာတွေးကြည့်မယ်ဆိုရင်တော့ မက်ဆီနဲ့ ဘာစီလိုနာကို မေ့ဖျောက်လို့မရနိုင်သေးတဲ့ ပုဂ္ဂိုလ်စွဲ၊ အသင်းစွဲကြောင့်သာ ကမ္ဘာ့အကောင်းဆုံးကစားသမားကို အန္တရာယ်အရှိဆုံး ပြိုင်ဘက်အသင်းဆီ သွားဖို့ လမ်းဖွင့်ပေးလိုက်တာဖြစ်ပါတယ်။
Featured Photo: Stuff
