အလုပ်စစဝင်ချင်းမှာတော့ စိတ်ဓာတ်တက်ကြွနေပြီး လအတော်ကြာလာတဲ့အခါမှာတော့ အလုပ်ရဲ့ဖိစီးမှုဒဏ်တွေကြောင့် မပျော်မရွှင်ဖြစ်ပြီး ငြီးငွေ့လာခြင်းကို လူတိုင်းခံစားဖူးကြမှာပါ။
ဒီလိုနဲ့ပဲ သင့်ရဲ့ အချိန်တွေကို ပျင်းရိငြီးငွေ့စွာနဲ့ပဲ ကုန်ဆုံးလိုက်တော့မှာလား။
လုပ်ငန်းခွင်မှာ အချိန်ကုန်တာချင်းအတူတူ ရာထူးတွေတစ်ခုပြီးတစ်ခုတိုးသွားပြီး အောင်မြင်ပျော်ရွှင်စွာနဲ့ အလုပ်မလုပ်ချင်ဘူးလား။
သင့်အဖြေက “Yes” ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များကို လိုက်လံပြုလုပ်ကြည့်လိုက်ပါ။
တာဝန်ကျေရပါမယ်
ဒီအချက်ကတော့ အင်မတန်အရေးကြီးပါတယ်။ ကိုယ့်ကို ပေးအပ်လာတဲ့တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်မယ်ဆိုရင်တော့ သင့်သူဌေးကလည်း သင့်ကို သဘောတွေ့မှာအမှန်ပါပဲ။ ကိုယ့်လုပ်ရမယ့် လုပ်ငန်း၊ တာဝန်ဝတ္တရားနဲ့ပတ်သက်ပြီး မသိနားမလည်တာမျိုးရှိပါကလည်း မေးခွန်းမေးဖို့ ဝန်မလေးပါနဲ့။
အသင်းအဖွဲ့နဲ့ လုပ်ဆောင်တတ်ဖို့လိုပါတယ်
ကိုယ်တစ်ယောက်တည်း တော်နေ ကောင်းနေလို့မရပါဘူး။ အဖွဲ့အစည်းနဲ့ လုပ်ဆောင်တတ်ဖို့လိုပြီး လူတိုင်းကို သာတူညီမျှ ဆက်ဆံတတ်ဖို့လိုပါတယ်။ သူကတော့ ကိုယ့်ထက်ရာထူးနိမ့်လို့ နှိမ်ပြီး ဆက်ဆံလိုက်ဦးမယ်၊ သူကတော့ ကိုယ့်ထက်ရာထူးမြှင့်လို့ ကောင်းကောင်းမွန်မွန်ဆက်ဆံလိုက်ဦးမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိရင်တော့ သင့်ရဲ့လုပ်ငန်းခွင်မှာ ပျော်ရွှင်ရမှာမဟုတ်ပါဘူး။ ဒါ့အပြင် စစ်မှန်တဲ့ အောင်မြင်မှုကိုလည်း ရှာဖွေတွေ့ရှိနိုင်မှာမဟုတ်ပါဘူး။
ကိုယ့်အမှားကနေ သင်ယူပါ
လူသားတိုင်းက အမှားတွေ ပြုလုပ်မိတာကတော့ သဘာဝပါပဲ။ အမှားများလွန်းလို့လည်း ငါက အသုံးမကျလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်မမြင်ပါနဲ့၊ စိတ်ဓာတ်မကျလိုက်ပါနဲ့။ ကိုယ်ကျူးလွန်မိတဲ့ အမှားတွေကနေ သင်ခန်းစာယူပါ။ သို့ပေမယ့် တူညီတဲ့အမှားမျိုးကို ထပ်တလဲလဲမကျူးလွန်မိပါစေနဲ့။
ယဉ်ကျေးပြီး လိမ္မာပါးနပ်မှုရှိပါ
လူအများနဲ့ ပေါင်းသင်းဆက်ဆံမှုကောင်းမွန်ခြင်းသည်လည်း သင့်ရဲ့လုပ်ငန်းခွင်ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ပါတယ်။ သို့သော် ဟိုစကား ဒီပို့၊ ဒီစကား ဟိုပို့တာမျိုး မဖြစ်စေဘဲ လိမ္မာပါးနပ်မှုရှိစွာ စကားပြောဆိုတတ်ရပါမယ်။
Source: Lifehack.org
Featured Image Source: Homearena.co.uk