ထင်ပေါ်ကျော်ကြား လူသိများတဲ့ပုဂ္ဂိုလ်တွေဟာ နယ်ပယ်တစ်ခုခုမှာ ထူးချွန်အောင်မြင်တဲ့သူတွေ ဖြစ်လေ့ရှိပြီး ဓနဥစ္စာအားဖြင့်လည်း ထိပ်တန်းကျ ကြွယ်ဝတာ များပါတယ်။ ဒီလိုလူတွေကို Cele တွေလို့ အလွယ်ခေါ်ကြပါတယ်။ Cele တွေ (Celebrities) ဟာ နေထိုင်ပြုမူမှုပုံစံအရ လူတန်းစားတစ်ရပ်အဖြစ် သတ်မှတ်ထားခံရတဲ့အထဲမှာ ပါပါတယ်။
ထိပ်ထိပ်ကြဲ ဈေးကြီးပါတယ်ဆိုတဲ့ Luxury အသုံးအဆောင်တွေ ၊ ရှားပေ့ကောင်းပေ့ဆိုတဲ့ ပစ္စည်းတွေနဲ့ လူတကာနဲ့မတူ ဆန်းပြားတဲ့ နေထိုင်မှုတွေဟာ Cele တွေရဲ့ အမှတ်အသားလို့ ဆိုနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဖက်ရှင် ၊ အားကစား နဲ့ အနုပညာနယ်ပယ်ဘက်က ထင်ရှားကျော်ကြားတဲ့ Cele တွေ ပိုင်ဆိုင်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဇိမ်ခံရွက်လှေတွေအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။
(၁) Rising Sun

Photo: NextLuxury
Rising Sun (တက်နေ) ဆိုတာ ရွက်လှေတစ်စင်းရဲ့ နာမည်ဖြစ်ပါတယ်။ ရိုးရိုးရွက်လှေတော့ မဟုတ်ပါဘူး။ ဒေါ်လာ သန်း ၅၉၀ တန် ကမ္ဘာ့ဈေးအကြီးဆုံး ဇိမ်ခံရွက်လှေပါ။ Rising Sun ကို ကွယ်လွန်သူ နာမည်ကျော် ဂန္ဓဝင်ရွက်လှေဗိသုကာကြီး ဂျွန်ဘန်နန်ဘာ့ဂ်က ဒီဇိုင်းထုတ်ခဲ့တာပါ။ ဒီရွက်လှေရဲ့ မူလပိုင်ရှင်က ကမ္ဘာကျော် Oracle Corporation ရဲ့ အမှုဆောင်အရာရှိချုပ် လယ်ရီ အယ်လီဆင်ဖြစ်ပြီး သူ့လက်ထဲကနေ အမေရိကန်ဘီလျံနာလည်း ဖြစ် Geffen Records ထုတ်လုပ်ရေးသူဌေးလည်း ဖြစ်တဲ့ ဒေးဗစ် ဂက်ဖ်ဖင်က ဝယ်ခဲ့တာပါ။
ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဇိမ်ခံရွက်လှေဖြစ်ပြီး ခန့်မှန်းအလျားပေ ၄၅၂ ပေ ရှည်လျားပြီး နာမည်ကျော် ဂျာမန်သင်္ဘောကုမ္ပဏီ Lurssen က တည်ဆောက်ပေးခဲ့တာပါ။ အခန်းပေါင်း ၈၃ ခန်းအထိတောင် ပါတဲ့ ရွက်လှေပါ။ ဒီထဲမှာ Master Suite ခန်း၉ ခန်း နဲ့ နှစ်ယောက်အိပ် အခန်း ၈ ခန်းလည်း ပါရှိပါတယ်။ ဧည့်သည် ၁၈ ယောက်ကို တည်ခင်း ဧည့်ခံနိုင်ပြီး လှေပေါ်မှာ ဝန်ထမ်း ၄၅ ယောက်အထိ သယ်ဆောင်နိုင်မှာပါ။ နောက်ဆုံးပေါ် မီးဖိုခန်း ၊ အားကစားလုပ်တဲ့ Gym ၊ ဘက်စကတ်ဘောကွင်း ၊ ရုပ်ရှင်ရုံနဲ့ ဝိုင်ထားတဲ့ အခန်းတစ်ခုလည်း ပါဝင်ပါတယ်။
(၂) Seven Seas

Photo: NextLuxury
ပင်လယ်ခုနှစ်စင်းဆိုတဲ့ ကဗျာဆန်ဆန် ရွက်လှေနာမည်ရဲ့ ပိုင်ရှင်က ကမ္ဘာကျော် ဒါရိုက်တာကြီး စတီဗင်စပီးလ်ဘာ့ဂ် ဖြစ်ပါတယ်။ ဒေါ်လာသန်း ၂၀၀ တန် ဒီရွက်လှေဟာ အလျားပေ ၂၈၂ ပေ ရှည်လျားပြီး ဒတ်ချ်သင်္ဘောကုမ္ပဏီ Oceano က တည်ဆောက်ပေးခဲ့တာပါ။ ဧည့်သည် ၁၂ ယောက်နဲ့ ရေယာဉ်ဝန်ထမ်း ၂၆ ယောက်ကောင်းကောင်း နေရာဆံ့ပြီး ရေယာဉ်ခန်းတစ်ခုချင်းစီကို သက်တောင့်သက်သာရှိရှိ ဇိမ်ကျကျ နေနိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။
ဧရာမ Master Suite တစ်ခုပါရှိပြီး ကိုယ်ပိုင် ကြွေဇလုံရေချိုးခွက် ဂျာကူစီတစ်ခုလည်း ထည့်ထားပါတယ်။ ရွက်လှေတစ်ခုလုံးရဲ့ အတွင်းခန်း အပြင်အဆင်ကို နာမည်ကျော် ဒီဇိုင်နာ နူဗိုလာရီ လင်းနာ့ဒ်က အလှဆင်ပေးထားတာပါ။ လှေအိမ်ကို သစ်မွှေးနှင်းဆီ ၊ သစ်ကြားပင်နဲ့ ကျွန်းသားတွေ သုံးထားတာပါ။ အထဲမှာ Gym ခန်းတစ်ခု ၊ ရုပ်ရှင်ရုံ ၂ ခု ၊ ရဟတ်ယာဉ်ဆင်းကွင်းတစ်ခု ၊ အနှိပ်ခန်းတစ်ခုနဲ့ Spa တစ်ခု ပါရှိပါတယ်။ Seven Seas ကို တစ်ပတ်ခရီးအတွက် ဒေါ်လာ ၁ သန်းနဲ့ ငှားနိုင်တယ်လို့လည်း ဆိုပါတယ်။
(၃) Main

Photo: NextLuxury
ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ ဂျော်ဂျီယို အာမာနီပိုင်ဆိုင်တဲ့ ဒီရွက်လှေကတော့ တတိယဈေးအကြီးဆုံး ဇိမ်ခံရွက်လှေဖြစ်ပြီး ဒေါ်လာ ၇၆ သန်း တန်တယ်လို့ ဆိုပါတယ်။ အများနဲ့ မတူတဲ့ ရွက်လှေဒီဇိုင်းရဖို့ ဖက်ရှင်ဒီဇိုင်နာကြီးဟာ ရွက်လှေထုတ်လုပ်သူ Codecasa နဲ့ အတူ စဉ်းစားပုံဖော်ခဲ့တာ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင် ဇိမ်ခံရွက်လှေကြီး တည်ဆောက်ဖို့ လပေါင်း ၃၀ ကြာခဲ့ပြီး ခန့်မှန်းကုန်ကျစရိတ်က ဒေါ်လာ ၇၆ သန်း ရှိခဲ့ပါတယ်။
Main ဟာ ၂၁၃ ပေ ရှည်တဲ့ ရွက်လှေဖြစ်ပြီး ပင်လယ်ပြင်နဲ့ တသားတည်းဖြစ်သွားစေဖို့ လှေဝမ်းဗိုက်မှာ အစိမ်းရင့်ရောင်ကို သုံးထားတာပါ။ ဇိမ်ခံအခန်း ၇ ခန်း ပါပြီး ဧည့် ၁၂ ယောက်နဲ့ ရေယာဉ်ဝန်ထမ်း ၁၄ ဦး တည်ခင်းဧည့်ခံနိုင်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ရွက်လှေပြတင်းပေါက်တွေနဲ့ လိုက်ကာမှန်တွေကို အာမာနီကိုယ်တိုင် ဒီဇိုင်းထုတ်ထားတာပါပဲ။ အထဲမှာ Gym ခန်း ၊ ရုပ်ရှင်ခန်း ၊ မာဘယ်ကျောက်တုံးတွေနဲ့ ဖန်တီးထားတဲ့ ရေချိုးခန်းနဲ့ ရေပန်းတွေ တပ်ဆင်ထားပါတယ်။
(၄) Maraya

Photo: NextLuxury
အယ်လ်ဘမ်အချပ်ရေသန်းချီ ရောင်းရတဲ့ နာမည်ကျော်ရက်ပ်ပါ ပက်ဖ်ဒက်ဒီကလည်း ဆန်းသစ်တီထွင်မှုအရှိဆုံး ရွက်လှေပိုင်ရှင်ဖြစ်တဲ့အပေါ် ဂုဏ်ယူလေ့ရှိသူ ဖြစ်ပါတယ်။ သူ့ပိုင် Maraya ရွက်လှေကို အီတလီစူပါရွက်လှေ တည်ဆောက်ရေးကုမ္ပဏီ CRN Yachts က Claude Missir Architecture နဲ့ Zuccon International Project တို့နဲ့ ပူးပေါင်းပြီး တည်ဆောက်ပေးခဲ့တာပါ။ အလျား ၁၇၇ ပေခန့် ရှည်ပြီး တန်ဖိုး ဒေါ်လာ ၆၅ သန်း ကျသင့်ပါတယ်။
အကောင်းစား အီတာလျံအတွင်းအပြင် ဒီဇိုင်းဖွဲ့စနစ်နဲ့ လာပြီး နှစ်ယောက်အိပ် Master Suite တစ်ခုစီ ပါတဲ့ ဇိမ်ခံ Luxury Suite ၆ ခန်း ဖွဲ့ထားပါတယ်။ VIP နှစ်ယောက်အိပ်ခန်းကို အပေါ်ဘက် ကုန်းပတ်မှာ တည်ဆောက်ထားပြီးအောက်က ကုန်းပတ်မှာ နောက်ထပ် VPI Suites နှစ်ခုလည်း ပါရှိပါတယ်။ Master Suite တွေဟာ သီးသန့်ဝရန်တာတစ်ခု ကိုယ်ပိုင် ပါရှိပြီး သက်တောင့်သက်သာနဲ့ စည်းဇိမ်ရှိရှိ တည်းခိုနိုင်အောင် တည်ဆောက်ထားပါတယ်။
စတုရန်းပေ ၅၅၀၀ ပတ်လည်နီးပါး ရှိပြီး ကုန်းပတ် Deck ၅ ခုမှာ တစ်ခုချင်းအလိုက် ဖျော်ဖြေရေးလုပ်နိုင်မယ့်နေရာတွေ ထည့်ထားပေးပါတယ်။ အပေါ်ဆုံးထပ်ကတော့ နိုက်ကလပ်တစ်ခုလိုပဲ Party Floor လို သတ်မှတ်ထားပြီး ကိုယ်ပိုင် အရက်ဘား ၊ စတိတ်စင်နဲ့ ပရော်ဂျက်တာ Screen လည်း ပါရှိပါတယ်။
(၅) Privacy

Photo: NextLuxury
တသီးတသန့်ဖြစ်ခြင်းကို ရည်ညွှန်းတဲ့ Privacy ဆိုတာ ဒေါ်လာသန်း ၂၀ တန် ရွက်လှေတစ်စင်းရဲ့နာမည်လည်း ဖြစ်ပါတယ်။ ဒီရွက်လှေကို ကမ္ဘာကျော် ဂေါက်ရိုက်သမား တိုက်ဂါးဝုဒ်က ပိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ပြင်းထန်တဲ့ ကားတိုက်မှုကြောင့် အားကစားလောက ကနေ နားတော့မယ်လို့ သတင်းတွေ ထွက်နေတဲ့ အသက် ၄၅ နှစ်အရွယ် ဒီ Golfer ဟာ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ အိမ်တွေ ကားတွေ နဲ့ အရုပ်တွေ ပိုင်ဆိုင်သူလည်း ဖြ်စပါတယ်။
Privacy ရွက်လှေကလည်း သူ့ပိုင်ဈေးအကြီးဆုံး ပစ္စည်းတွေထဲက တစ်ခုဖြစ်ပြီး ပေ ၁၅၅ ပေ ရှည်လျားကာ အိပ်ခန်း ၅ ခန်း နဲ့ ဧည့်သည် ၁၀ ဦးကို ဧည့်ခံနိုင်ပါတယ်။ ရေယာဉ်ဝန်ထမ်းတွေအတွက်လည်း သီးသန့် အခန်း ၄ ခန်း ပါရှိပြီး တစ်ခန်းချင်းစီမှာ နေထိုင်သူတွေအတွက် Luxury ဖြစ်အောင် စီမံထားတာပါ။ လူ ၈ ဦးအထိ ရေအတူစိမ်နိုင်တဲ့ ဂျာကူစီတစ်ခု ၊ မျှော်ကြည့်စင် Observation Deck တစ်ခုလည်း ထည့်ထားပါတယ်။
အားကစားလုပ်ဖို့ ပစ္စည်းအပြည့်အစုံထည့်ထားတဲ့ Gym တစ်ခု ၊ ရေနက်ပိုင်း ပင်လယ်ရေငုပ်ဖို့ Scuba Divers ခန်း တစ်ခန်းနဲ့ Jet Ski ရှပ်ပြေးမော်တော်ငယ် ၃ စီးလည်း ပါဝင်ပါတယ်။
Featured Photo: NextLuxury
