အလုပ်တစ်ခုကို အာရုံစိုက်နေချိန်မှာ ဖုန်းရဲ့နိုတီသံကြောင့် အာရုံပျက်သွားတာမျိုး ကြုံဖူးကြပါသလား။ ဒါမှမဟုတ် ရုတ်တရက် အိပ်ငိုက်လာတာမျိုး၊ လုပ်လက်စအလုပ်ကို ဆက်မလုပ်ချင်လောက်အောင် အာရုံထွေပြားသွားတာမျိုး ကြုံဖူးပါသလား။
ဒီလိုကြုံတွေ့နေရတာက သင် တစ်ယောက်တည်းမဟုတ်ပါဘူး။ အလုပ်တစ်ခုကို ဖြစ်စေ ရည်မှန်းချက်တစ်ခု၊ အိပ်မက်တစ်ခုကိုပဲဖြစ်စေ အာရုံစူးစိုက်နေချိန်မှာ သင့်ကို အာရုံထွေပြားအောင်လို့ နည်းလမ်းအသွယ်သွယ်နဲ့ နှောင့်ယှက်နေတဲ့အရာတွေက အများကြီးပါပဲ။
ထိုအနှောင့်အယှက်တွေကို ဘယ်လိုကျော်လွှားရမလဲ။
အလုပ် (သို့) ရည်မှန်းချက်နှင့် မသက်ဆိုင်သောအရာများကို ဖယ်ရှားလိုက်ပါ
သီချင်း နားထောင်ရင်း (သို့) တီဗွီလေး ဖွင့်ထားရင်း အလုပ် လုပ်လေ့ရှိပါသလား။ ဒါဆိုရင်တော့ သင့်သည် ထိုနောက်ခံအသံများရဲ့နှောင့်ယှက်ခြင်းကို ခံနေရပါပြီ။ သုတေသနလေ့လာချက်အရ ပတ်ဝန်းကျင်ဆူညံ့သံတွေဖြစ်တဲ့ ကားသံ၊ သီချင်းသံ၊ စကားပြောသံများသည် လူတစ်ယောက်ရဲ့စွမ်းဆောင်ရည်ကို လျော့ကျသွားစေတယ်လို့ သိရှိရပါတယ်။
ဒါ့ကြောင့် သင့်အလုပ်နဲ့ မသက်ဆိုင်ဘူးဆိုရင် တိတ်ဆိတ်တဲ့နေရာမှာသာ အလုပ်လုပ်ပါ။
အလုပ် နှစ်ခု၊ သုံးခုကို တစ်ပြိုင်နက်တည်း မလုပ်ပါနဲ့
အချိန်ကုန်သက်သာအောင်လို့ အလုပ် နှစ်ခု၊ သုံးခု ပြုလုပ်ခြင်းသည် သင့်ရဲ့စွမ်းဆောင်ရည်ကို ၄၀ ရာခိုင်နှုန်းခန့် လျော့ကျသွားစေပါတယ်။ ထိုကဲ့သို့ ပြိုင်တူလုပ်ဆောင်တဲ့အခါ သင့်ဦးနှောက်က အာရုံမစိုက်နိုင်တော့ဘဲ အချိန်ကုန်သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။
သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းနှင့် သင့်ရဲ့ရည်မှန်းချက်သည် ထပ်တူကျနေဖို့လိုပါတယ်
သင့်ထံတွင် သာယာငြိမ့်ညောင်းသောအသံ မရှိပါက လူကြိုက်များတဲ့ နာမည်ကြီးအဆိုတော်တစ်ယောက် ဖြစ်ဖို့သည် ခဲယဉ်းပါလိမ့်မယ်။ သင့်ရဲ့စွမ်းရည်နဲ့ ရည်မှန်းချက်သည် ထပ်တူမကျတဲ့အခါ သင်ပဲ စိတ်ပင်ပန်းရပါလိမ့်မယ်။ ဒါ့ကြောင့် လက်တွေ့ဆန်သော အိပ်မက်များ၊ ရည်မှန်းချက်များ ချမှတ်ထားဖို့လိုပါတယ်။ ဒါမှသာ ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖျော်နိုင်မှာပါ။
နေ့ရက်တိုင်းတွင် အရေးကြီးသောအရာများ ချမှတ်ထားပါ
မနက် နိုးထလာပြီဆိုတာနဲ့ ဒါပြီးရင် ဘာလုပ်ရမယ်၊ ဒုတိယအရေးကြီးတာက ဘာဖြစ်မလဲ စတာတွေကို အစီအစဉ်ဆွဲထားပါ။ ဘာလုပ်ရမှန်းမသိဘဲ ယောင်ချာချာဖြစ်နေမယ်ဆိုရင် အာရုံထွေပြားပြီး အနှောင့်အယှက်များ ဝင်ရောက်လာဖို့ ဖိတ်ခေါ်ရာရောက်ပါတယ်။
တစ်ရက်တာကုန်ဆုံးသွားတဲ့အခါ ပြီးမြောက်သွားတဲ့အရာများကို ပြန်လည်ဆန်းစစ်ပါ
ဒီတစ်ရက်မှာတော့ ဒီအလုပ်ပြီးသွားပြီး ဒီအဆင့်တွေ ပြီးသွားပြီဆိုရင် ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို ပြန်လည်အမှန်ပေးပါ။ ဒီလိုပြန်လည်ဆန်းစစ်ခြင်းအားဖြင့် ကိုယ့်အတွက် စိတ်အားထက်သန်မှုလည်း ဖြစ်စေနိုင်သလို ကိုယ့်ရဲ့လိုအပ်ချက်တွေကိုလည်း ပြန်လည်သိရှိနိုင်ပါတယ်။
Photo Source: Pexels.com
Featured Image Source: Pexels.com