မန်ချက်စတာယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က အသင်းအနေနဲ့ ဂန္တဝင်ကစားသမား ဆိုးလ်ရှားကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပိုချက်တီနိုကို ယူနိုက်တက်နည်းပြသစ် ဖြစ်လာစေချင်နေတယ်လို့ သိရပါတယ်။

Photo: 90Mins
ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လီဗာပူးလ်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၅-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ပြီးနောက် ရာထူးကနေ ပြုတ်ဖို့ နီးစပ်နေသူဖြစ်ပြီး နော်ဝေလူမျိုးနည်းပြအနေနဲ့ နည်းပြရာထူး ဆက်လက်တည်မြဲနိုင်ဖို့ ၃ ပွဲသာ အခွင့်အရေးရရှိတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ စနေနေ့မှာ မြောက်လန်ဒန်ကို သွားရောက်ပြီး တော့တင်ဟမ်ဟော့စပါးနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ အသင်းကို တာဝန်ယူကိုင်တွယ်သွားဦးမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး အသင်းသားတွေကတောင် နော်ဝေလူမျိုးနည်းပြရဲ့နည်းစနစ်တွေကို မေးခွန်းထုတ်နေပြီဖြစ်တာကြောင့် ဆိုးလ်ရှားအတွက် ဖိအားတွေ အမြင့်ဆုံးအချိန်ရောက်နေပြီဖြစ်ပါတယ်။

Photo: Spurs Web
မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က ၎င်းရဲ့တပည့်ဟောင်းဟာ အိုးထရက်ဖို့ဒ်က အရာအားလုံးကို ပြောင်းပြန်ဖြစ်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ ပြောကြားရင်း ထောက်ခံနေဆဲဖြစ်ပေမယ့် အသင်းက အပြောင်းအလဲလုပ်ဖို့ ရွေးချယ်ခဲ့ရင် ဆိုးလ်ရှားနေရာမှာ အစားထိုးဖို့အတွက် ထိပ်တန်းရွေးချယ်မှုကို သတ်မှတ်ထားပြီးဖြစ်ပါတယ်။
Daily Star ရဲ့ ဖော်ပြချက်အရ ဆိုးလ်ရှားသာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ်ဆိုရင် ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုဟာ ဖာဂူဆန်ရဲ့ နံပါတ် ၁ ရွေးချယ်မှုဖြစ်တယ်လို့ သိရပြီး ယူနိုက်တက်နည်းပြဟောင်းကြီးက အာဂျင်တီးနားလူမျိုး နည်းပြကို အလွန်နှစ်သက်သူဖြစ်ပါတယ်။
ပိုချက်တီနိုဟာ တော့တင်ဟမ်ဟော့စပါးနည်းပြအဖြစ် ၅ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး စပါးနဲ့ ဖလားတစ်လုံးမှ ရယူနိုင်ခဲ့ခြင်းမရှိပေမယ့်လည်း ဥရောပရဲ့ အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့သူဖြစ်ပါတယ်။
Featured Photo: Sportskeeda
