အိမ်တွေဟာ လုံခြုံခြင်း ၊ ပျော်ရွှင်ခြင်းနဲ့ နွေးထွေးလှိုက်လှဲခြင်းတို့ စုဝေးရာနေရာ ဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်ထောင်စုပေါင်း ထောင်နဲ့ သောင်းနဲ့ချီ ရှိတဲ့ ရပ်ကွက်တွေ ၊ မြို့ပြတွေဟာလည်း အိမ်တွေလိုပဲ ဘေးကင်းခြင်း ၊ စိတ်ချမ်းသာခြင်းနဲ့ အဆင်ပြေပြေနေနိုင်ခြင်းတို့နဲ့ ပြည့်စုံသင့်တယ်လို့ ဆိုချင်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်မှာ ရောဂါဘေးအရရော ၊ စားဝတ်နေရေး ၊ နိုင်ငံရေး ၊ လူမှုရေးနဲ့ သဘာဝဘေး စတဲ့ အန္တရာယ်အသွယ်သွယ်ကြောင့် မအေးချမ်းနိုင်တဲ့မြို့တွေလည်း အများကြီးပဲ ရှိပါတယ်။

View over the City

Photo; mentalfloss

ဒီလို ပြောလို့ ဘေးကင်းလုံခြုံတဲ့မြို့ မရှိဘူးလို့ မဆိုနိုင်ပါတယ်။ The Economist မဂ္ဂဇင်းကြီးက ဒီနှစ်အတွက် ဘေးအန္တရာယ်အကင်းဆုံးနဲ့ နေထိုင်ဖို့ လုံခြုံစိတ်ချမှုအရှိဆုံး မြို့ကြီးများစာရင်း Safe Cities Index For 2021 ကို ထုတ်ပြန်လိုက်ပါတယ်။ နေထိုင်သူတွေ ဘေးအန္တရာယ်ကင်းရှင်းပြီး အဖက်ဖက်က လုံခြုံမှုအရှိဆုံး မြို့တွေကို အဓိကအချက် ၇၆ ချက်နဲ့ တိုင်းတာပြီး တွက်ချက်လိုက်တာပါ။

ဒီစာရင်းမှာ မြို့ကြီးပေါင်း ၆၀ ကို ဘေးကင်းမှုအဆင့်အတိုင်း သတ်မှတ်ထားပြီး အမြင့်ဆုံး ၁၀ မြို့စာရင်းကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ The Economist ရဲ့ ဘေးကင်းမှုအရှိဆုံးမြို့ ၁၀ မြို့ထဲမှာ ကိုပင်ဟေဂင် (ဒိန်းမတ်) ၊ တိုရွန်တို (ကနေဒါ) ၊ စင်ကာပူ ၊ ဆစ်ဒနီ (ဩစတြေးလျ) ၊ တိုကျို (ဂျပန်) ၊ အမ်စတာဒန် (နယ်သာလန်) ၊ ဝယ်လင်တန် (နယူးဇီလန်) ၊ ဟောင်ကောင် ၊ မဲလ်ဘုန်း (ဩစတြေးလျ) နဲ့ စတော့ခ်ဟုမ်း (ဆွီဒင်)တို့က အဆင့်အတိုင်း ရပ်တည်နေပါတယ်။

မြို့တွေရဲ့ဘေးကင်းစိတ်ချရမှုကို တွက်ချက်ရာမှာ လူတစ်ဦးချင်း ဘေးကင်းမှုအပြင် အဲ့ဒီမြို့တွေက သူတို့ရဲ့ မြို့သူမြို့သားတွေကို ကျန်းမာရေး ၊ နည်းပညာ ၊ သဘာဝပတ်ဝန်းကျင်နဲ့ အခြေခံအဆောက်အဦတို့နဲ့ဆက်စပ်တဲ့ ဘေးအန္တရာယ်တွေကနေ ဘယ်လောက်အထိ ကောင်းမွန်စွာ ကာကွယ်ပေးထားသလဲဆိုတာပါ ထည့်တွက်ထားပါတယ်။ အခြေခံအဆောက်အဦနဲ့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမှာ တိုရွန်တိုကို အကောင်းဆုံးမြို့အဖြစ် ပြောကြပါတယ်။

Two women wearing kimonos pose for a selfie around Sensoji temple in the Asakusa district of Tokyo

Photo: CNN

အများပြည်သူကျန်းမာရေးအတွက် စင်ကာပူ ၊ ဟောင်ကောင် ၊ တိုကျို စတဲ့ အာရှမြို့ကြီးတွေက ပြည်သူပြည်သားတွေကို အများဆုံး ကာကွယ်ပေးထားတယ်လို့ ဆိုပါတယ်။ လမ်းပေါ်မှာ လူတွေ ဘေးကင်းကင်းနဲ့ သွားလာနိုင်တဲ့ မြို့တွေထဲမှာ ဥရောပမြို့ကြီးတွေ ဖြစ်တဲ့ ကိုပင်ဟေဂင် ၊ အမ်စတာဒမ်နဲ့ စတော့ခ်ဟုမ်းတို့က ထိပ်ဆုံးက ရှိနေပါတယ်။ ဘေးကင်းကင်းနဲ့ လုံခြုံစိတ်ချရတဲ့မြို့တွေမှာ နေထိုင်နိုင်ခြင်းကလည်း လူ့အခွင့်အရေးတစ်ခုပါပဲ။

Featured Photo: deccanherald