ကျွန်တော်တို့ဟာ သာမာန်အခြေအနေမှာ စိတ်လွတ်လက်လွတ် နေထိုင်သွားလာလို့ရပေမယ့် အကြွေးဆိုတာအရာကြီး ရှိလာပြီဆိုရင်တော့ အမြဲ ရတက်မအေးနိုင် ဖြစ်သွားကြရပါတယ်။ တကယ်တော့ အကြွေးဆိုတာ ကင်းအောင်နေနိုင်လေ ကောင်းလေဆိုတဲ့အရာပါ။ ဒီဆောင်းပါးလေးမှာတော့ အကြွေးကင်းဘဝမှာ နေထိုင်နိုင်ဖို့ လိုက်နာသင့်တဲ့အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) ရောင့်ရဲမှုက အရေးကြီးတယ်
Photo : Medium
ကျွန်တော်တို့အများစုဟာ ပစ္စည်းအသစ်အဆန်းတွေ့ပြီဆို လိုချင်တယ် ၊ ဝယ်မယ်ဆိုတာမျိုးနဲ့ စိတ်အလိုလိုက် မိတက်ကြပါတယ်။ ဒီလိုနောက် ဆုံးပေါ် အသစ်အဆန်းပစ္စည်းတွေ ဝယ်ယူခြင်းက ပျော်ရွှင်မှုအစစ်အမှန်ကို တကယ်မပေးနိုင်ပါဘူး။ အမှန်တကယ်မလိုအပ်တဲ့ အရာတွေကို ဝယ်ယူခြင်းဟာ ငွေဖြုန်းခြင်း သက်သက်သာဖြစ်ပြီး ငွေကြေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရနိုင်ခြေများစေပါတယ်။ ဒါကြောင့် ရောင့်ရဲကျေနပ်မှုရှိဖို့က အရေးကြီးတာ ဖြစ်ပါတယ်။
(၂) အပြောင်းအလဲတွေ လုပ်ကြည့်ပါ
Photo : AskMen
အကြွေးကင်းစွာနေထိုင်နိုင်ဖို့ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ လုပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ ဆိုပါစို့ သင်ဟာ ပုံမှန်အပြင်မှာဝယ်စားလေ့ရှိသူ တစ်ယောက်ဆိုရင် အိမ်မှာကိုယ်တိုင် ချက်စားကြည့်ပါ။ လစဉ်အသုံးစရိတ်ကို တက်နိုင်သလောက် လျော့ချနိုင်မယ့် အပြောင်းအလဲတွေ လုပ်ကြည့်ပါ။ ဒီလိုဆို ငွေပိုငွေလျှံထွက်လာပြီး အကြွေးတင်ဖို့ ရာခိုင်နှုန်းနည်းသွားပါလိမ့်မယ်။
(၃) ငွေဝင်အဝင်အထွက် စာရင်းလုပ်ပါ
Photo : Money Blissvvvvv
လစဉ် ဝင်ငွေထွက်ငွေ စာရင်းလုပ်ထားခြင်းဟာ မလိုအပ်တဲ့ ငွေသုံးစွဲမှုတွေကို လျော့ချနိုင်ပြီး အသုံးစရိတ်ကိုကောင်းစွာ ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။ ကိုယ့်ဝင်ငွေက တစ်လကိုဘယ် လောက်ရှိတယ် ၊ တစ်လမှာမဖြစ်မနေ ပြန်သုံးရမယ့် စားစရိတ် ၊ သွားလာစရိတ် ၊ တစ်နေ့တာ အသုံးစရိတ် စတာတွေကိုသေချာစာရင်းပြုစုပြီး လိုတိုးပိုလျော့ ထိန်းညှိသုံးစွဲမယ်ဆိုရင် ငွေကြေးလည်ပတ်မှုမျှတပြီး အကြွေးတင်မှာမဟုတ်တော့ပါဘူး။
(၄) လစဉ်ပုံမှန် ငွေစုပါ
Photo : The Simple Dollar
ငွေစုခြင်းဟာ အကြွေးကင်းတဲ့ဘဝမှာ နေထိုင်နိုင်ဖို့ များစွာအထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် လစဉ်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို စုငွေအနေနဲ့ သတ်မှတ်ပြီး စုဆောင်းထားကြည့်ပါ။ လက်ထဲငွေစုဆောင်းထားခြင်းအားဖြင့် ကိုယ့်အတွက် အားတစ်ခုဖြစ်စေသလို အရေးပေါ် သုံးစွဲစရာပေါ်လာတဲ့အခါမျိုးတွေမှာလည်း ချေးရငှားရတာတွေမရှိပဲ အရံသင့် ရှိနေစေမှာဖြစ်ပါတယ်။
Featured Photo : Making of a Millionaire