ချဲလ်ဆီးအသင်းဟာ အင်္ဂါနေ့ညနေက ချန်ပီယံလိဂ်ပွဲစဉ်မှာ မယ်လ်မိုအသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း နည်းပြ သောမတ်စ် တူဟယ်က အဓိကကျတဲ့နည်းဗျူဟာအပြောင်းအလဲအတွက် ချီးကျူးမှုတွေကို လက်မခံခဲ့ဘဲ အဲဒီအပြောင်းအလဲကို လုပ်ဖို့ အကြံရခဲ့တဲ့ လက်ထောက်နည်းပြကိုသာ ချီးကျူးသင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo: The Guardian
ချဲလ်ဆီးဟာ မယ်လ်မိုအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ နောက်ထပ်ခြေတစ်လှမ်း ပိုမိုနီးစပ်လာခဲ့ပြီဖြစ်ပြီး ဟာကင်း ဇီယက်ရှ်ရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အိုဒွိုင်းနဲ့ ဇီယက်ရှ်တို့ ၂ ဦးစလုံးဟာ မယ်လ်မိုအသင်းရဲ့ နောက်ခံတောင်ပံကစားသမားတွေကို ပွဲစဉ်တလျှောက်လုံး မွှေနှောက်ဒုက္ခမျိုးစုံ ပေးနိုင်ခဲ့ပြီး ပွဲချိန်အတွင်းမှာ တောင်ပံတစ်ဖက်စီ ပြောင်းလဲကစားခဲ့ကြတာဖြစ်ပါတယ်။
ဒုတိယပိုင်းပြန်လည်စတင်ပြီး ၁၁ မိနစ်မှာ ဟတ်ဒ်ဆန်-အိုဒွိုင်းက ဟာကင်း ဇီယက်ရှ် အနီးကပ် ကန်သွင်းယူနိုင်အောင် ညာတောင်ပံကနေ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှု ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ တူဟယ်ဟာ ပွဲပြီးအင်တာဗျူးမှာ တောင်ပံ ၂ ဖက်ကို ပြောင်းလဲကစားဖို့ ဆုံးဖြတ်ချက်ဟာ လက်ထောက်နည်းပြ အာနိုး မီရှဲလ်စ်ရဲ့ အကြံဉာဏ်ကြောင့်သာ ဖြစ်တယ်လို့ အားလုံးသိအောင် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo: The Guardian
“ကျွန်တော့်ရဲ့လက်ထောက် အာနိုးကိုပဲ ချီးကျူးမှုတွေအားလုံး ပေးရမှာပါ။ သူက ပထမပိုင်းအပြီးမှာ အကြံတစ်ခုရခဲ့ပြီး ကျွန်တော်တို့ အဲဒီအကြံကို နှစ်သက်ခဲ့ကြပါတယ်”
“ကျွန်တော်တို့ နောက်တန်း ၅ ယောက်နောက်က နေရာလွတ်ထဲ ဝင်တဲ့အခါမှာ ဟာကင်းက ဘောလုံးကို သူ့ဘယ်ခြေနဲ့ ပြောင်းယူပြီး အိုဒွိုင်းက သူ့ရဲ့ ညာခြေနဲ့ ပြန်ပြောင်းယူတဲ့အခါ ကျောနံပါတ် ၈ က နေရာလွတ် ပိတ်သွားခဲ့ပြီး အရေးကြီးတဲ့စက္ကန့်တွေကို ဆုံးရှုံးကောင်း ဆုံးရှုံးနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ကျွန်တော်တို့မှာ ရှိခဲ့ပါတယ်”
“ကျွန်တော်တို့ တစ်စက္ကန့်ရဲ့ ၁၀ ပုံ ၁ ပုံလောက်ကို ချွေတာနိုင်ကောင်း ချွေတာနိုင်လိမ့်မယ်လို့ တွေးမိခဲ့ပြီး ကျွန်တော်တို့ အခွင့်အရေးရလာတဲ့အချိန်မှာ အခွင့်ကောင်းယူနိုင်ခဲ့တာပါ။ ကယ်လမ်က တိတိကျကျ ပေးပို့နိုင်ပြီး ကောင်းမွန်တဲ့ ဘောလုံးပေးပို့မှုဖြစ်ခဲ့ပါတယ်။ ကျွန်တော် ပျော်ရွှင်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Featured Photo: Sportdias
