ချမ်းသာအောင်မြင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ကမ္ဘာကျော်တဲ့အထိ အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေဆို ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းတဲ့လမ်းကို ဖြတ်သန်းလာရသလဲဆိုတာ တွေးဖို့တောင် ခက်နိုင်ပါတယ်။ ဘဝမှာ ဘာကျောထောက်နောက်ခံမှ မပါဘဲ ကြီးကျယ်အောင်မြင်တဲ့သူ ဖြစ်လာပြီဆိုရင် သူ့မှာ တကယ့်ကို ထူးခြားတဲ့အရည်အချင်းရှိမှာ အမှန်ပါပဲ။ ဒါကြောင့်ပဲ အရင်းအနှီးမရှိ ၊ အတတ်ပညာနဲ့ လုပ်ငန်းအတွေ့အကြုံမရှိဘဲနဲ့ အောင်မြင်ခဲ့တဲ့ စွန့်ဦးတီထွင်သူ ၅ ဦးအကြောင်းကို ဗဟုသုတရဖို့ မျှဝေလိုက်ပါတယ်။
(၁) John Paul Dejoria
Photo: Inc Magazine
ဂျွန်ပေါလ် ဒီဂျော်ရီယာအကြောင်း ကြားဖူးတဲ့သူ နည်းပါလိမ့်မယ်။ လူသိမများပေမယ့် သူဟာ စီးပွားစီမံခန့်ခွဲမှုနဲ့ စွန့်ဦးတီထွင်မှုဆိုင်ရာဘက်မှာ အောင်မြင်မှုအများကြီး ရရှိထားသူဖြစ်ပါတယ်။ ကျောင်းသန့်ရှင်းရေး လုပ်ရင်း သတင်းစာပို့ရင်းနဲ့ ဆံပင်အလှပြုပြင်ရေးကုမ္ပဏီမှာ အလုပ်ဝင်ခဲ့ပြီး ပေါမစ်ချယ်နဲ့ တွေ့ခဲ့ပါတယ်။
နောက် ဒေါ်လာ ၇၀၀ ချေးငွေယူပြီး သူတို့နှစ်ယောက် စပ်တူစီးပွားရေးလုပ်ပါတယ်။ အခု John Paul Mitchell Systems လို့ လူသိများတဲ့ လုပ်ငန်းစုကြီးကို ထောင်ခဲ့တာပါ။ နောက်ပိုင်းမှာ ဒီဂျော်ရီယာဟာ Patron Spirits နဲ့ The House of Blue လုပ်ငန်းတို့ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ အခု သူ့ရဲ့ ချမ်းသာမှုက ဒေါ်လာ ၃.၁ ဘီလျံကျော် ပါတယ်။
(၂)Kevin Plank
Photo: The New York Times
အားကစားဝတ်ကုမ္ပဏီ Under Armour ကို လူတိုင်း သိကြမှာပါ။ ကတ်ဗင်ပလန့်ခ်က အဲ့ဒီကုမ္ပဏီရဲ့ CEO ပါ။ Under Armour အမှတ်တံဆိပ်အောက်မှာ အဝတ်အစားတွေ စရောင်းချိန်က သူ့အခြေအနေက အဆိုးဆုံးအနေအထားမှာပါ။ ကုမ္ပဏီထောင်ဖို့ စုထားတဲ့ ဒေါ်လာ ၂ သောင်းနဲ့ Credit Card က ချေးငွေ ဒေါ်လာ ၄ သောင်းကို အကုန်လုံး ပုံအောခဲ့တာဖြစ်လို့ မအောင်မြင်ရင် ငမွဲဖြစ်ဖို့ သေချာသလောက်ရှိနေပါတယ်။
နောက်တော့ သူဟာ ဂျော်ဂျီယာနည်းပညာတက္ကသိုလ်ကို ဒေါ်လာ ၁၇၀၀၀ ဖိုး ရောင်းချခဲ့ပြီးနောက် NFL ဘတ်စကတ်ဘောအသင်း ၂၀ ကိုပါ Under Armour တွေ ရောင်းနိုင်ခဲ့ပါတယ်။ အခုဆို Under Armour ဟာ လက်လီအရောင်း ဒေါ်လာ ၂ ဘီလျံဖိုး ရှိပြီး ဝန်ထမ်း ၅၉၀၀ ကို အလုပ်ခန့်ထားနိုင်ပြီ ဖြစ်ပါတယ်။
(၃) Jan Koum
Photo: CNBC
Jan Koum က WhatsApp လူမှုကွန်ရက်ကုမ္ပဏီတည်ထောင်သူပါ။ သူ့ကို ယူကရိန်းနိုင်ငံ ကိဗ်မြို့နားက ရွာငယ်လေးတစ်ရွာမှာ မွေးခဲ့တာပါ။ ဆင်းဆင်းရဲရဲကြီးပြင်းလာခဲ့ပြီး ကယ်လီဖိုးနီးယားကို ရောက်လာချိန်မှာ အားလပ်ချိန်ရတာနဲ့ ကွန်ပျူတာလေ့လာရင်းနဲ့ အသက် ၁၈ နှစ်မှာ ကွန်ပျူတာပညာရှင်ဖြစ်လာပြီး ၁၉၉၇ ခုနှစ်Yahoo မှာ Infrastructure Engineer ဖြစ်လာခဲ့တာပါ။
နည်းပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းပြီးတဲ့နောက် သူ့ပါရမီကို App Industry မှာ ပြန်အသုံးချပါတယ်။ WhatsApp ကို ၂၀၀၉ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပြီး ၂၀၁၄ မှာ တဟုန်းထိုး ကျော်ကြားလာခဲ့ပါတယ်။ နောက်တော့ Facebook ကုမ္ပဏီက ဒီ App ကို ဒေါ်လာ ၁၉ ဘီလျံအထိ ပေးပြီး ဝယ်သွားခဲ့ပါတယ်။
(၄) Sam Walton
Photo: Right Attitudes
ကမ္ဘာကျော် Walmart ကို ဆမ်ဝေါ်တန်ဆိုသူက ခြေဗလာလက်ဗလာနဲ့ စခဲ့တယ်လို့ ပြောနိုင်ပါတယ်။ Walmart တည်ထောင်သူ ဆမ်ဝေါလ်တန်ဟာ ဒုတိယကမ္ဘာစစ်ကြီးအတါင်းမှာ ထောက်လှမ်းရေးတပ်ဗိုလ်ကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်မှာ သူ့ယောက္ခမဆီက ဒေါ်လာ ၂၅၀၀၀ ချေးပြီး ကိုယ်ပိုင်လက်လီစတိုးဆိုင်ထောင်ဖို့ခဲ့တာပါ။ သူ့ရဲ့ လက်လီစတိုးလုပ်ငန်းဟာ တဟုန်းထိုး ကျော်ကြားခဲ့ပြီး အောင်မြင်မှုတွေ ရလာခဲ့ပါတယ်။
၁၉၆၂ မှာ ပထမဆုံး တရားဝင် Walmart စတိုး ဖွင့်ခဲ့ပြီး ၁၉၇၆ မှာ သူ့လုပ်ငန်းဟာ ဒေါ်လာ ၁၇၆ သန်းကျော် တန်လာခဲ့ပါတယ်။ ဝေါ့လ်တန်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အချမ်းသာဆုံး သူဌေးတွေထဲကတစ်ဦးလည်း ဖြစ်ပါတယ်။
(၅) George Soros
Photo: CNBC
သူဌေးကြီး ဂျော့ချ်ဆိုးရော့ကို လုပ်ငန်းရှင်ထက် ရင်းနှီးမြှပ်နှံသူအဖြစ် လူသိများပါတယ်။ ဆယ်ကျော်သက်အရွယ် ၁၉၄၇ ခုနှစ်မှာ သူဌေးကြီးဟာ ဟန်ဂေရီမှာ နေထိုင်ခဲ့ပြီး နောက်ပိုင်းမှာ နာဇီတွေလက်က လွတ်ဖို့ပြေးရင်း အင်္ဂလန်ကို ရောက်လာခဲ့တာပါ။ စစ်ပြေးဘဝ ဒုက္ခသည်တစ်ယောက်အဖြစ် ချို့တဲ့နေတာတောင် လန်ဒန်ဘောဂဗေဒကျောင်းကို တက်ဖြစ်အောင် တက်ခဲ့ပါတယ်။
အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရင်း ဘွဲ့ယူခဲ့ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းခဲ့ပြီး လုပ်ငန်းကြီးတွေမှာ ရင်းနှီးမြှပ်နှံရေးမန်နေဂျာအဖြစ် အလုပ်ဝင်ခဲ့ပြီး နောက်ပိုင်းမှာ ကိုယ်ပိုင်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေ ထောင်ခဲ့ပါတယ်။ Open Society Foundations ကို ဒေါ်လာ ၃၂ ဘီလျံကျော်လှူခဲ့တာတောင် အသားတင် ဒေါ်လာ ၈.၆ ဘီလျံပိုင်ဆိုင်ပါတယ်။ ၁၉၃၀ ဖွား သူဌေးကြီးဟာ အသက် ၉၀ ကျော်ပြီ ဖြစ်ပါတယ်။
Featured Photo: Right Attitudes