ကမ္ဘာ့ထိပ်ထိပ်ကြဲတန်ဖိုးအကြီးဆုံးနာရီတွေထဲမှာ Patek Philippe နာရီကို ထည့်ပြောကြပါတယ်။ Patek Philippe က ထုတ်တဲ့ နာရီတွေဟာ ဒေါ်လာသိန်းချီ သန်းချီ တန်ကြတာကြောင့် တော်ဝင်အနွယ်တွေနဲ့ ဘီလျံနာတွေလောက်ပဲ ပတ်နိုင်ကြပါတယ်။

အခု လာမယ့်ဒီဇင်ဘာလထဲမှာ နာမည်ကြီး Sotheby’s လေလံရုံက အလွန်တရာရှားပါးလှတဲ့ Patek Philippe နှင်းဆီ‌ရွှေနာရီနှစ်လုံးကို လေလံတင်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒီထဲက တစ်လုံးက အီဂျစ်တော်ဝင်မိသားစုဝင်တစ်ဦး ပိုင်ဆိုင်ခဲ့တဲ့ နာရီလို့ ဆိုပါတယ်။ နယူးယော့ခ်အခြေစိုက် Sotheby’s အနေနဲ့ လေလံတင်သွားမယ့် Patek Philippe နာရီနှစ်လုံးမှာ Patek Philippe Ref.1518 နဲ့ modern Ref.5531R တို့ ဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။

Patek Philippe Ref. 1518 and a modern Ref. 5531R

Photo: robbreport
1518 နာရီအနေနဲ့ ဒါဟာ ပထမဆုံးအကြိမ် အများရှေ့မှောက် စတင်ရောင်းချလိုက်တာလည်း ဖြစ်ပါတယ်။ အရင်ပိုင်ရှင်က အီဂျစ်ပြည်မှ မင်းသားတူးဖစ်ခ်တောင်ဆန် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနာရီကို ၁၉၅၁ ခုနှစ်ကနေ သူကွယ်လွန်သွားတဲ့ ဒီနှစ် နှစ်ဆန်းပိုင်းအထိ ဝတ်ဆင်ခဲ့တာပါ။ မင်းသား တူးဖစ်ခ်သေတဲ့အထိ နှစ် ၇၀ လုံးလုံး ပတ်သွားတဲ့ ဒီနာရီဟာ ကမ္ဘာ့ပထမဆုံး ပြက္ခဒိန်ပါ Chronograph နာရီမျိုး ဖြစ်ပြီး ၁၉၄၁ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Ref.1518 အလုံးရေ ၂၈၁ လုံးပဲ ထုတ်လုပ်ခဲ့ပြီး ဒီထဲက ၅၈ လုံးက Rose Gold နဲ့ လာတယ်လို့ ယူဆရပါတယ်။ ဒီနေ့အချိန်အထိ ဒီလိုနာရီမျိုးထဲမှာ Rose Gold အိမ်နဲ့ အရာင်တူ နာရီလက်တံပါတဲ့ နာရီက ၁၄ လုံးပဲ ထုတ်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ အရှားတကာ့အရှားဆုံး Patek Philippe နာရီထဲက တစ်လုံးလို့ ပြောနိုင်တာ ဖြစ်ပါတယ်။ အီဂျစ်မင်းသားပတ်ခဲ့တဲ့နာရီဟာ အကောင်းပကတိအတိုင်းရှိထားပြီး မူရင်းဗူးနဲ့လာတာပါ။
Sotheby’s လေလံရုံကတော့ ဒေါ်လာ ၁.၂ သန်းကနေ ၂.၂ သန်အထိ ရမယ်လို့ ခန့်မှန်းထားပါတယ်။

Featured Photo: robbreport