ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဖိလစ် ကော်တင်ညိုက ဆဲလ်တာ ဗီဂိုအသင်းနဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ပွဲစဉ်အတွင်း ပရော်ဖက်ရှင်နယ် မပီသစွာ ပြုမူခဲ့တယ်ဆိုတဲ့ ပြောကြားမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။

Photo: Middleeastin24english
ကော်တင်ညိုဟာ ပထမပိုင်းမပြီးဆုံးခင်မှာ အန်ဆူ ဖာတီရဲ့နေရာမှာ လူစားဝင်ကစားပေးဖို့ လုပ်ခဲ့တာဖြစ်ပေမယ့် ယာယီနည်းပြ ဆာဂျီ ဘာဟွမ်က ဘရာဇီးလ်ကြယ်ပွင့်အစား အလက်ဇန်းဒရို ဘာလ်ဒီကို ထည့်သွင်းခဲ့တာဖြစ်ပြီး သတင်းအချို့က ကော်တင်ညိုဟာ လူစားဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
အချို့ ကောလာဟလတွေက ဘာဟွမ်ဟာ လူစားဝင်မကစားမီ သွေးပူလေ့ကျင့်ခန်း လုပ်ဖို့ ဘရာဇီးလ်ကစားသမားက ပြောကြားခဲ့တဲ့အချိန်မှာ ကော်တင်ညိုရဲ့ စိတ်ထားကို မနှစ်မြို့ခဲ့တာကြောင့် လူစားဝင်မကစားစေဖို့ ဆုံးဖြတ်ခဲ့တာလို့တောင် ဖော်ပြခဲ့တာဖြစ်ပါတယ်။

Photo: Twelfth Man Times
ဒါပေမယ့် လီဗာပူးလ်ကြယ်ပွင့်ဟောင်း ကော်တင်ညိုက ဒီသတင်းတွေ အားလုံးကို ငြင်းပယ်ခဲ့ပြီး ကစားသမားဘဝတလျှောက်လုံးမှာ ပရော်ဖက်ရှင်နယ် မပီသတဲ့အပြုအမူမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် သတင်းတွေကို မြင်ခဲ့တဲ့အခါမှာ အရမ်းကို အံ့အားသင့်မိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကစားသမားဘဝတလျှောက်လုံး ဘယ်တုန်းကမှ ပရော်ဖက်ရှင်နယ် မပီသတဲ့အရာမျိုး မလုပ်ခဲ့လို့ပါ။ ကျွန်တော် ကစားခဲ့ဖူးတဲ့ အသင်းတိုင်းမှာ သူတို့တွေ မေးကြည့်လို့ရပါတယ်။ ကျွန်တော် အမြဲတမ်း အားလုံးကို လေးစားမှု ထားခဲ့တာပါ။ ဂျာနယ်လစ်တွေက အမြဲတမ်း အကုန်လုံးကို ယုံကြည်နေကြတာပဲ”လို့ ပြောကြားခဲ့ပါတယ်။
Featured Photo: Sportskeeda
