အင်္ဂလိပ်စာပေမှာ သုံးတဲ့ သရသံ ငါးလုံးကလည်း သင့်ဘဝရဲ့ အောင်မြင်ရေးလက်စွဲနည်းလမ်းတွေ ဖြစ်လာနိုင်ပါတယ်။ ပရော်ဖက်ရှင်နယ်ဘဝ တိုးတက်အောင်မြင်ရေးအတွက် အခွင့်အလမ်းသစ်တွေ ရှာဖွေရာမှာ အခုပြောမယ့် A-E-I-O-U နည်းလမ်းကို လက်ကိုင်ထားပြီး အကောင်အထည်ဖော်လို့ ရပါတယ်။
(၁) A For Ask

Photo: Freepik
အလုပ်တစ်ခုခုကို အောင်မြင်ဖို့အတွက် ဘယ်လိုစွမ်းရည်တွေ တတ်ကျွမ်းမှုတွေ လိုအပ်သလဲ မေးပါ။ ကိုယ့်နယ်ပယ်မှာ တိုးတက်အောင်မြင်ကြီးပွားဖို့ ဘာတွေ ထပ်ပြီး တတ်မြောက်ထားဖို့ လိုသလဲ လိုက်ပြီး စုံစမ်းမေးမြန်းပါ။ တိုနီရော်ဘင် ပြောခဲ့သလိုပါပဲ။ အောင်မြင်တဲ့သူတွေဟာ ပိုကောင်းတဲ့ မေးခွန်းတွေ ထုတ်တဲ့သူတွေ ဖြစ်လို့ ပိုမိုကောင်းမွန်တဲ့ အဖြေတွေ ရပါလိမ့်မယ်။
(၂) E For Extend

Photo: Freepik
တစ်လှမ်းတိုးလျှောက်တာ ၊ တစ်ဆင့် တိုးလုပ်တာကလည်း အောင်မြင်ကြီးပွားရေးမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ကိုယ့်ရှေ့မှာ ရှိတဲ့ လုပ်စရာလေးတွေ ပြီးအောင် လုပ်တာလောက်နဲ့ မတင်းတိမ်ပါနဲ့။ ဘာဆက်လုပ်သင့်သလဲ သုတေသနပြုပါ။ လုံလောက်ပြီဆိုတဲ့ အတွေးန့ဲတင် ရပ်တန့်မနေမိပါစေနဲ့။
(၃) I For Initiative

Photo: Freepik
လုပ်စရာရှိတဲ့ ကိစ္စကို ရှေ့ဆောင်ရှေ့ရွက်ပြုပြီး တင်ကြိုလုပ်ထားပါ။ လုပ်ငန်းခွင်မှာ ကိုယ့်အလှည့်ကို စောင့်နေတဲ့ သူတွေထဲ ကိုယ်မပါပါစေနဲ့။ ကိစ္စတစ်ခုကို ခိုင်းမှ လုပ်တာထက် အသိစိတ် ၊ အမြော်အမြင်နဲ့ ရှေ့ရေး တွေးပြီး ကြိုလုပ်တဲ့အကျင့်ကလည်း သင့်ကို အောင်မြင်အောင် တွန်းတင်ပေးနိုင်ပါတယ်။
(၄) O For Offer

Photo: Freepik
အခွင့်အလမ်းက ကိုယ့်ဆီ ကမ်းလှမ်းလာချိန် ကိုယ်က အဆင်သင့်ရှိနေပါစေ။ အောင်မြင်မှုက ထိုက်တန်သူကို ပေးဖို့ ရောက်လာရင် အရွေးခံရသူက ကိုယ်ပဲ ဖြစ်သင့်ပါတယ်။ အခွင့်အလမ်းတံခါးအားလုံးကို ဖွင့်ထားပါ။ အဲဒီအခွင့်အလမ်းနဲ့ ထိုက်တန်တဲ့ လူတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေပါ။
(၅) U For Update

Photo: Freepik
Update ကို ဒီနေရာမှာ ကိုယ့်အထက်လူကြီးကို ကိုယ်ဘာတွေ လုပ်ထားသလဲဆိုတာနဲ့ ပတ်သက်လို့ အသိပေးနေတာလို့ ပြောချင်ပါတယ်။ ကိုယ့်အထက်လူကြီးက ကိုယ့်ကို ဒါတွေ လုပ်ထားနိုင်တယ်လို့ မှန်းဆနေတာမျိုး မဖြစ်ပါစေနဲ့။ ကိုယ် ဒါတွေ လုပ်ထားပါလားလို့ အထက်လူကြီး တိတိကျကျ သိနေပါစေ။ အောင်မြင်ဖို့အတွက် နည်းလမ်းတွေထဲက တစ်ခုက ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာ လူတွေ သိစေပြီး ကိုယ်လုပ်ခဲ့တဲ့ ထူးခြားတဲ့ လုပ်ဆောင်မှုတွေကို သူတို့ခေါင်းထဲ စွဲကျန်နေအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။
