ကမ္ဘာကျော် NBA ကြယ်ပွင့် မိုက်ကယ်ဂျော်ဒန်အတွက် ဖန်တီးထားတဲ့ Sneaker တစ်ရံကို လေလံတင်ရာမှာ ဒေါ်လာ ၁၇၆၄၀၀ (မြန်မာငွေ သိန်း ၂၁၀၀ ကျော်) နဲ့ ရောင်းထွက်သွားတယ်လို့ ဆိုပါတယ်။

Sotheby’s လေလံရုံကနေ ဒေါ်လာ ၁၅၀၀၀၀ ကနေ ၂ သိန်းအကြား ရမယ်လို့ ခန့်မှန်းထားတဲ့ Air Jordan 11 Space Jam လို့ နာမည်ပေးထားတဲ့ဖိနပ်ကို လေလံတင်ခဲ့တာပါ။ ၁၉၉၆ ထွက် Space Jam ရုပ်ရှင်မှာ မိုက်ကယ်ဂျော်ဒန်စီးဖို့ ဖန်တီးခဲ့တဲ့ Air Jordan ဖိနပ်ဖြစ်ပြီး အရှားပါးဆုံး Air Jordan ဖိနပ်တွေထဲက တစ်ရံ ဖြစ်တယ်လို့ ဆိုပါတယ်။၁၁ ဆိုဒ်နဲ့ ၁၃ ဆိုဒ်ထွက်ထားပြီး ခြေချောင်းနေရာမှာ မိုက်ကယ်ဂျော်ဒန်ရဲ့ လက်မှတ်ပါပါတယ်။

Michael-Jordan-Signed-‘Player-Sample’-Deadstock-Air-Jordan-11-‘Space-Jam’

Photo: artnet

မိုက်ကယ်ဂျော်ဒန်တစ်ခါမှ မစီးဖူးသေးတဲ့ ဖိနပ်ဖြစ်ပြီး ကမ္ဘာတစ်လွှားက ဖိနပ်စုဆောင်းသူတွေကတော့ ရင်ခုန်တဲ့ ဖိနပ်မျိုး ဖြစ်ပါတယ်။ ၁၉၉၅-၉၆ NBA ရှုံးထွက်နဲ့ ဖိုင်နယ်ပွဲစဉ်တွေမှာ Jordan 11 စတိုင်တွေ ထုတ်ခဲ့တာပါ။ အဲ့ဒီနှစ်တွေက မိုက်ကယ်ဂျော်ဒန်ရဲ့ အထွဋ်အထိပ်နှစ်တွေပါပဲ။ မိုက်ကယ်ဂျော်ဒန်အတွက် ရည်ရွယ်ပြီး Player Sample ဗားရှင်းအဖြစ် ထွက်ခဲ့တာပါ။

ဒီဖိနပ်တွေကို မိုက်ကယ်ဂျော်ဒန်ရဲ့အသင်း Chicago Bulls ချန်ပီယံဆုရခဲ့တဲ့ ၁၉၉၆ NBA Playoffs ပွဲစဉ်တွေမှာ မိုက်ကယ်ဂျော်ဒန်စီးခဲ့တဲ့ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ Nike ဒီဇိုင်နာ တင်ကာဟတ်ဖီးဒ်က မိုက်ကယ်ဂျော်ဒန် ခြေကျင်းဝတ်လည်တာမျိုး မဖြစ်အောင် ထုတ်ပေးခဲ့တာပါ။ ဒီအရောင်မျိုးနဲ့ လက်လီရောင်းချခဲ့တာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။ “ဒီ Sneakers တွေဟာ ဒီနေ့အထိ အကြွင်းမဲ့ အကောင်းဆုံးအခြေအနေမှာပဲ ထားထားတာ ဖြစ်ပါတယ်။”လို့ Sotheby’s ဖိနပ်နဲ့ ခေတ်သစ်စုဆောင်းရေးပစ္စည်းအကြီးအကဲ ဘရမ်ဝက်ချာက ပြောပါတယ်။

A Pair of ‘Space Jam’ Nikes Made for Michael Jordan

Photo: artnet

NBA ကြယ်ပွင့် လီဘရွန်းဂျိမ်းပါတဲ့ Space Jam: A New Legacy ရုံမတင်ခင် ပြီးခဲ့တဲ့လဆန်းပိုင်းက စပြီး ဒီဖိနပ်ကို လေလံတင်ခဲ့တာပါ။ အခု ဒေါ်လာ ၁၇၆၄၀၀ နဲ့ လေလံအောင်သွားတဲ့ Space Jam Sneaker ကို ခရမ်းရောင်ကတ္တီပါခင်း သစ်သားသေတ္တာလေးနဲ့ ထည့်ပေးထားပြီး အတွင်းဖုံးမှာ Trune Squad Logo နဲ့ အပြင်မှာ Space Jam ဆိုပြီး ထွင်းပေးထားပါတယ်။

လေလံအောင်သွားခဲ့တဲ့ သမိုင်းမှာ ဈေးအကြီးဆုံး Sneaker ကတော့ ပွဲမှာ အနိုင်ရစဉ်က မိုက်ကယ်ဂျော်ဒန်စီးသွားခဲ့တဲ့ Air Jordan 1s အနီရောင် ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က Christie’s ကနေ ဒေါ်လာ ၆၁၅၀၀ (မြန်မာငွေ သိန်း ၁ သောင်းကျော်) ဈေးနဲ့ လေလံအောင်ခဲ့တာ ဖြစ်ပါတယ်။