COVID-19 ကြောင့် ပရိတ်သတ်တွေ မရှိတဲ့ ဘောလုံးကွင်းထဲမှာ လူပုံတူအရုပ်တွေ ထားခဲ့တဲ့ တောင်ကိုရီးယားအသင်းဟာ မတော်တဆအမှားတစ်ခု လုပ်မိခဲ့တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က Gwangju FC နဲ့ ကန်တဲ့ ပွဲမှာ FC Seoul အသင်းဟာ အားပေးသူမရှိတဲ့ ကွင်းလွတ်ကြီးထဲမှာ ဖက်ရှင်ဆိုင်တွေမှာ သုံးတဲ့ လူပုံတူရုပ်တွေ ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ နှစ်ဖက်အသင်း ကစားနေချိန်မှာ အားကစားသမားများ စိတ်ဓါတ်တက်ကြွစေဖို့ FC Seoul ဟာ အသင်းကိုအားပေးသူတွေအဖြစ် လိင်ဖျော်ဖြေရေးအရုပ်များကို အဝတ်အစားဆင်ပြီး အားပေးစင်ပေါ်မှာ ထားရှိခဲ့တာ ဖြစ်ပါတယ်။

Photo: SkyNews

” ပရိတ်သတ်တွေကို ကျွန်တော်တို့ တောင်းပန်ချင်ပါတယ်။”လို့ FC Seoul က Facebook လူမှုကွန်ရက်ပေါ်မှာ ကိုရီးယားဘာသာစကားနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ခဲ့ပါတယ်။

FC Seoul ကတော့ ဒါဟာ သူတို့ရဲ့ Supplier နဲ့ နားလည်မှု လွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပရိတ်သတ် ၆၆၀၀၀ ဆန့်တဲ့ FC Seoul ကွင်းထဲမှာ လူပုံတူအရုပ်ပေါင်း ၃၀ ထားရှိခဲ့ပြီး ၂၈ ရုပ်က အမျိုးသမီးပုံ အရုပ်တွေ ဖြစ်ပြီး ကျန်တဲ့ ၂ ရုပ်က အမျိုးသားအရုပ်တွေ ဖြစ်တယ်လို့ Insider သတင်းက ဖော်ပြထားပါတယ်။ တောင်ကိုရီးယားဟာ ညစ်ညမ်းရုပ်ရှင်ကားတွေ ပိတ်ပင်ထားတဲ့ နိုင်ငံဖြစ်ပေမယ့် ဒီအရုပ်တွေထဲက တစ်ချို့ဟာ X-rated ဝက်ဘ်ဆိုက်ကြော်ငြာတွေ ဆိုင်းပုတ်တွေ ကိုင်ထားကြတာပါ။

Photo: SkyNews

K-League အသင်းတစ်သင်းဖြစ်တဲ့ FC Seoul ဟာ မေလ ၁၇ ရက်နေ့ ကန်သွားတဲ့ ပွဲမှာ ဧည့်သည် Gwangju FC အသင်းကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီး အဆင့် ၆ နေရာတက်ခဲ့ပါတယ်။ အနိုင်ရပေမယ့် မတော်တဆအမှားကြောင့် မပျော်နိုင်ဖြစ်ခဲ့ရတဲ့ FC Seoul အသင်းကတော့ ဒီလိုအမှားမျိုး နောင်ဘယ်တော့မှ မဖြစ်စေရပါဘူးလို့ တောင်းပန်ခဲ့ရပါတယ်။