လူသားတိုင်းက ဘဝမှာ အောင်မြင်ချင်ကြတဲ့သူချည်းပါပဲ။ သို့သော် လုံ့လနဲ့ ဝီရိယစိုက်ထုတ်မှုပေါ် မူတည်ပြီး အောင်မြင်ခြင်းအတိုင်းအတာက ပြောင်းလဲသွားတတ်ကြပါတယ်။ အောင်မြင်ချင်တယ်၊ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ပြည့်ဝချင်တယ်ဆိုပေမယ့် တကယ်တမ်းမကြိုးစားရင်တော့ အိပ်မက်တစ်ခုအနေနဲ့ပဲ တည်ရှိနေမှာပါ။

လောကမှာ မဖြစ်နိုင်ဘူးဆိုတဲ့အရာ မရှိပါဘူး။ မဖြစ်သေးတာပဲ ရှိတာပါ။ စိတ်ရှည်လက်ရှည်နဲ့ တစိုက်မတ်မတ်ကြိုးစားမယ်ဆိုရင် မှန်ကန်တဲ့အချိန်ရောက်လာတဲ့အခါ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ ထပ်တူကျတဲ့ အောင်မြင်မှုတစ်ခုက ကိုယ့်ဆီကို ရောက်ရှိလာမှာ အသေအချာပါပဲ။

အောင်မြင်ချင်တယ်ဆိုရင် ဘယ်လိုအရာတွေကို စွန့်လွှတ်ရမလဲဆိုတာ သင် သိပါသလား။

ပျင်းရိတတ်တဲ့စိတ်

Source: careeraddict.com

ပျင်းရိခြင်းက ကျွန်တော်တို့အားလုံးကို ဒုက္ခပေးနေတဲ့အရာတစ်ခုပါပဲ။ ကိုယ်က တော်တာပဲ ထက်တာပဲ ကြိုးစားမှုကို ခဏလောက် ရပ်တန့်ချင်တယ်ဆိုရင်တော့ ယုန်နဲ့ လိပ်ပုံပြင်ကိုသာ သတိရလိုက်ပါ။ ယုန်က ဘယ်လောက်ပဲ အပြေးမြန်နေပါစေ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ ကိုယ့်ရဲ့ ပြိုင်ဘက်ကို လျော့တွက်ခြင်း၊ တစ်စိုက်မတ်မတ် မကြိုးစားဘဲ ပျင်းရိတဲ့စိတ် ခိုအောင်းသွားခြင်း စတဲ့ အချက်တွေကြောင့် အပြေးပြိုင်ပွဲမှာ ရှုံးနိမ့်သွားရခြင်းပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ အားလုံးလည်း ထိုယုန်နှင့် လိပ် ပုံပြင်ကို စံနမူနာယူပြီး ပျင်းရိတတ်တဲ့စိတ်၊ မိမိကိုယ်ကို အထင်ကြီးတတ်တဲ့ စိတ်၊ လူတစ်ဖက်သားကို အထင်သေးတတ်တဲ့စိတ် စသည်တို့ကို အဝေးသို့ လွှင့်ပစ်လိုက်ရပါမယ်။

အချိန်ဆွဲတတ်ခြင်း

Source: Shutterstock

ဒီအကျင့်ဆိုးကလည်း ပျင်းရိတတ်တဲ့စိတ်ကြောင့် မြစ်ဖျားခံလာတဲ့ အလေ့အကျင့်တစ်ခုပါပဲ။ အချိန်ရှိပါသေးတယ် အချိန်မှီပါသေးတယ် နီးမှ ကပ်လုပ်မယ်ဆိုတဲ့ အကျင့်က မကောင်းဘူးဆိုတာကိုလည်း ကိုယ့်ကိုယ်ကို သိကြပါတယ်။ သိပေမယ့်လည်း မပြင်ချင်ကြပါဘူး။ မကောင်းတဲ့ အကျင့်ကိုပဲ ဆက်လက်ထိန်းသိမ်းထားကြပါတယ်။

ဒါဆိုရင် ဒီလိုလေး စဉ်းစားကြည့်လိုက်ရအောင်။ နီးမှကပ်လုပ်တာတောင် အကြံဥာဏ်ကောင်းတွေထွက်လာတယ်ဆိုရင် ကြိုတင်လုပ်ထားမယ်ဆိုရင် ဘယ်လောက်ထိတောင် ကောင်းတဲ့အကြံဥာဏ်တွေ ထွက်လာမလဲဆိုတာကို တွေးကြည့်လိုက်ပါ။ လုံလ ဝီရိယဆိုတာ ပိုသွားတယ်မရှိပါဘူး။ ပိုလျှံသွားတယ်ဆိုရင်တောင် ကိုယ့်အတွက် ကောင်းကျိုးတွေပဲ ဆောင်ကျဉ်းပေးမှာပါ။

အားနာတတ်တဲ့ စိတ်

Source: tipsforlawyers.com

ကျွန်တော်တို့ မြန်မာလူမျိုးတွေ တော်တော်များများရဲ့ အကျင့်က လူတစ်ဖက်သားကို အရမ်းအားနာတတ်ကြတာပါ။ လူနည်းစုလောက်ကပဲ ပြတ်သားကြပါတယ်။ လုပ်ငန်းတစ်ခု၊ ကိစ္စရပ်တစ်ခုကို လုပ်ဆောင်တဲ့အခါ တစ်ဖက်သားကို အားနာနေလို့မရပါဘူး။ မိမိ လုပ်နိုင်တယ်၊ ကူညီနိုင်တယ်ဆိုရင် “Yes” လို့ ပြောပြီး မကူညီပေးနိုင်ဘူး၊ မလုပ်ပေးနိုင်ဘူးဆိုရင် “No” လို့ပြောဖို့ ဝန်မလေးပါနဲ့။

နယ်ပယ်တစ်ခုမှာ အောင်မြင်နေတဲ့သူတိုင်းက ကတိတစ်လုံးနဲ့ ရပ်တည်နေကြတာပါ။ မိမိရဲ့ အားနာတတ်မှုကြောင့် ကတိပျက်သွားမယ်ဆိုရင် ကိုယ့်ရဲ့ နာမည်ကောင်းတစ်လုံးကလည်း ထိုကတိနဲ့အတူ ပျက်ပြယ်သွားမှာပဲဖြစ်ပါတယ်။