ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ တော့တင်ဟမ်ဟော့စပါးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားပေးခဲ့တဲ့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး လုံးဝပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

Lukaku against Tottenham

Photo: Skysport

လူကာကူဟာ ပြီးခဲ့တဲ့အပတ်မှာ Sky Italia နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ် ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း လီဗာပူးလ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွက် လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ချဲလ်ဆီးတိုက်စစ်မှူးဟာ ပရိသတ်တွေ၊ အသင်းနဲ့ ၎င်းရဲ့နည်းပြဖြစ်သူကို အင်္ဂါနေ့မှာ တရားဝင် တောင်းပန်စကား ပြောကြာကြားခဲ့ပြီး အင်တာမီလန်ကနေ ပြောင်းရွှေ့လာပြီး ၆ လအကြာမှာပဲ အီတလီပြန်ချင်တယ်လို့ ပြောခဲ့တဲ့စကားအတွက် ဒဏ်ငွေလည်း ပေးဆောင်ခဲ့ရတာဖြစ်ပါတယ်။

Romelu Lukaku

Photo: The Sun

ချဲလ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့ညနေက စတမ်းဖို့ဒ် ဘရစ်ချ်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ၂-၀ နဲ့ သက်တောင့်သက်သာ အနိုင်ယူနိုင်ခဲ့ပြီး အဲဒီပွဲစဉ်မတိုင်မီမှာ လူကာကူ ပြန်လည်ပါဝင်လာမှုကြောင့် အိမ်ကွင်းပရိသတ်တွေဆီကနေ တုံ့ပြန်မှုမျိုးစုံ ရရှိခဲ့တာဖြစ်ပါတယ်။ လူကာကူဟာ စပါးနဲ့ပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့်လည်း တူဟယ်က ခက်ခဲတဲ့ရက်သတ္တပတ်ပြီးနောက် တိုက်စစ်မှူးရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်ပြီး စိတ်ကျေနပ်ခဲ့တာဖြစ်ပါတယ်။

Belgium Striker Lukaku

“ကောင်းပါတယ်။ လုံးဝကို ပျော်ရွှင်မိပါတယ်။ သူ ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့ဘူးဆိုတာ ကျွန်တော် တော်တော်လေး သေချာနေပါတယ်။ ကျွန်တော် သူ့ကို နေ့တိုင်း မြင်နေရပြီး နောက်ဆုံးနေ့တွေ၊ မနေ့ကနဲ့ ဒီနေ့မှာတောင်မှ သူ့ပုံစံက အေးဆေးဖြစ်နေပြီး အခြေအနေတွေနဲ့ပတ်သက်ပြီး အေးဆေးဖြစ်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာအရလည်း သူ ရှေ့ဆက်သွားနေခဲ့ပါတယ်။ လူကာကူက ဖိအားတွေကို ကိုင်တွယ်နိုင်ပြီး ဆိုးရွားတဲ့ကံကြမ္မာကိုလည်း ကိုင်တွယ်နိုင်ပါတယ်။ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။ သူ ကျွန်တော်တို့ရဲ့ ခံစစ်တည်ဆောက်ပုံကို အများကြီး ကူညီပေးခဲ့ပြီး အခွင့်အရေးအချို့လည်း ဖန်တီးပေးခဲ့တယ်။ အရမ်းကောင်းတယ်။ နောက်ထပ်တစ်ကြိမ် လုပ်ပြဖို့ အဆင်သင့်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: UStimestoday