ဟာကီမီဟာ ယခုနွေရာသီမှာ ဥရောပချန်ပီယံ ပရီးမီးယားလိဂ်ထိပ်သီးအသင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းထက် ပီအက်စ်ဂျီအသင်းကို ဘာကြောင့် ရွေးချယ်ခဲ့ရလဲဆိုတာကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ အင်တာမီလန်အသင်းကနေ ဟာကီမီကို ခေါ်ယူချင်ခဲ့တာဖြစ်ပြီး မော်ရိုကို နောက်ခံကစားသမားအတွက် ကမ်းလှမ်းမှုအမြောက်အမြား ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟာကီမီက ချဲလ်ဆီးအသင်းနဲ့ ပူးပေါင်းနိုင်မယ့် အခွင့်အလမ်းကို ငြင်းပယ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် နောက်ခံကစားသမားဟာ ယခုရာသီ ပြိုင်ပွဲစုံမှာ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီးဖြစ်ပြီး ချဲလ်ဆီးထက် ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာကို နောင်တမရတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Achraf Hakimi explains why he rejected Chelsea for PSG

Photo: sportskeeda

“ကျွန်တော် ဒီ ကမ်းလှမ်းမှု ၂ ခုကို လက်ခံရရှိခဲ့တဲ့အချိန်မှာ ကျွန်တော် ပဲရစ်ကို သွားရမယ်။ အဲဒီမှာ ကျွန်တော် ပျော်ရွှင်လိမ့်မယ်ဆိုတာ အလိုလိုသိနေခဲ့ပါတယ်။ ပီအက်စ်ဂျီက အရမ်းကောင်းတဲ့အသင်းပါ။ ကျွန်တော့်ကို နှစ်သက်ကြတဲ့သူတွေ၊ ဒီမှာ ရှိစေချင်ခဲ့ကြတဲ့လူတွေကို ကျေးဇူးတင်ပါတယ်။ အခြားကြီးမားတဲ့အပြောင်းအရွှေ့တွေနဲ့အတူ ကျွန်တော်ရဲ့ ရောက်ရှိလာမှုကို မြင်တွေ့ရတာက ကျွန်တော် ကံကောင်းခဲ့ပါတယ်”

“ကျွန်တော် အမှားမလုပ်မိခဲ့ဘူးဆိုတာလည်း ကျွန်တော် သေချာခဲ့ပြီးသားပါ။ ကျွန်တော် ကောင်းမွန်နေတယ်လို့ ခံစားရတယ်။ ကျွန်တော်တို့မှာ အိပ်မက်ထဲက အသင်းရှိနေပါတယ်။ အဲဒီအသင်းမှာ တစ်စိတ်တပိုင်းအဖြစ် ပါဝင်ခွင့်ရတာကို ဂုဏ်ယူမိပါတယ်”

Achraf Hakimi

Photo: feednews

ဟာကီမီက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ် မချုပ်ဆိုမီမှာ နည်းပြ ပိုချက်တီနိုနဲ့ ၎င်းတို့ကြား ပြောဆိုဆွေးနွေးခဲ့တဲ့အကြောင်းကိုလည်း အတွင်းကျကျ ပြောပြခဲ့ပါတယ်။

“သူက ကျွန်တော် ကစားတဲ့ပုံစံကို နှစ်သက်ပြီး သူနဲ့ဆိုရင် ကျွန်တော် အများကြီး လေ့လာသင်ယူနိုင်မှာပါ။ ကျွန်တော်တို့ စကားပြောဆိုခဲ့တဲ့ကာလအတွင်းမှာ လေပေးဖြောင့်ခဲ့ပါတယ်။ သူက ကျွန်တော် နှစ်သက်တဲ့ နည်းပြမျိုးပါ။ သူက ဘောလုံးပိုင်ဆိုင်မှုနဲ့အတူ ပွဲကို လွှမ်းမိုးချင်ပြီး တိုက်စစ်ကစားချင်တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူ ကျွန်တော့်ကို တော့တင်ဟမ်မှာ လာကစားစေချင်ခဲ့တယ်။ သူက ကျွန်တော့်ကို တိုးတက်အောင် ကူညီနိုင်မယ့် စီမံခန့်ခွဲမှုနဲ့ ကစားပုံစံမျိုး ရှိတဲ့နည်းပြပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: feednews