အက်ရှင်ကားတွေဆိုတာ ယောင်္ကျားတိုင်းရဲ့ ငယ်ဘဝသည်းခြေကြိုက် ရုပ်ရှင်တွေပါ။ အက်ရှင်ကားတွေထဲက မင်းသားတွေဟာ ကျွန်တော်တို့အတွက် ဟီရိုးပါပဲ။ သူတို့ရဲ့ ဇာတ်ကောင်နဲ့ လိုက်ဖက်အောင် ဘော်ဒီဆိုလည်း အမိုက်စား ၊ ကိုယ်ခံပညာဆိုလည်း ရှယ်ကျွမ်း ။ သူတို့ကို မြင်ရတာကိုက အားတက်စရာ။

ကမ္ဘာကျော် ဟောလီဝုဒ်က ထွက်တဲ့ အက်ရှင်မင်းသားကြီးတွေထဲမှာ ကျွန်တော်တို့နဲ့ မရင်းနှီးသူ ခပ်ရှားရှားပါ။ အခုတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ ဟောလီဝုဒ်အက်ရှင်မင်းသားကြီးတွေလည်း အသက်ကြီးလှပေါ့။ အရင်လို အကြမ်းပတမ်းတွေ သရုပ်မဆောင်နိုင်တော့အောင် သူတို့ကို ဇရာက အလဲထိုးသွားပြီ ဖြစ်ပါတယ်။ အခုချိန်မှာ အကြီးအကျယ် ပြောင်းလဲသွားတဲ့ အက်ရှင်မင်းသားကြီးတချို့အကြောင်း ကြည့်လိုက်ရအောင်ပါ။

(၁) ဆီဗက်စတာ စတားလုံး

Sylvester Stallone

Photo: Brightside Me

သူ့ခေတ်က စတားလုံးလောက် ကြမ်းတဲ့ အက်ရှင်မင်းသားမရှိဘူးလို့တောင် ပြောချင်ပါတယ်။ Rocky နဲ့ Rambo စီးရီးတွေဆိုရင် အသေအလဲ လူကြိုက်များခဲ့ကြပါတယ်။ Rocky ဆိုရင် ဟောလီဝုဒ်မှာ အကျော်ကြားဆုံး လက်ဝှေ့ကားတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ပါတယ်။ နောက်ပိုင်းမှာ Suicide Squad လိုကားမှာ King Shark အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ရုပ်ကတော့ အရွယ်အိုနေပြီဆိုတာ ပုံမှာသာ ကြည့်လိုက်ပါတော့။

(၂) ဂျေဆန်စတေဟမ်

Photo: Brightside Me

ယောင်္ကျားလေးအများစုရဲ့ စိတ်ထဲမှာတော့ ကျွန်တော်တို့ရဲ့ Transport မင်းသားကြီးကို မအိုသေးဘူးလို့ တွေးကြမှာပါ။ အသက် ၅၃ နှစ်ဆိုတာ သူ့လို ခပ်ကြမ်းကြမ်း အက်ရှင်မင်းသားတစ်ယောက်အတွက် အရွယ်ရလာပြီဆိုတာ ငြင်းမရပါဘူး။ ဂျေဆန်ဟာ သူရိုက်တဲ့ စတန့်ကားတော်တော်များများမှာ လူစားမထိုးဘဲ ကိုယ်တိုင် စတန့်ဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒီလို ရုပ်ရှင်တွေထဲမှာ Lock ၊ Stock And Two Smoking Barrels ၊ The Expendables နဲ့ The Fast And The Furious တို့လည်း ပါပါတယ်။

(၃) ဂျက်ကီချမ်း

Jackie Chan

Photo: Brightside Me

အရပ် ၅ ပေ ၉ လက်မရှိတဲ့ ဟောင်ကောင်မင်းသားကြီး ဂျက်ကီချမ်းကို လူတိုင်းချစ်ကြတယ်လို့ ပြောချင်ပါတယ်။ အခုတော့ အသက် ၇၀ နားကပ်နေပြီဖြစ်တဲ့ အဖိုးကြီးပေါ့။ ငယ်တုန်းကတော့ သူဟာ စတန့်မင်းသားတွေထဲမှာ နာမည်အကြီးဆုံးနဲ့ အကျော်ကြားဆုံး။ ဂျက်ကီချမ်းဆိုတာ ဟောလီဝုဒ်မှာ ခေါ်တဲ့ နာမည်ပါ။ တရုတ်မှာ ချန်ကောင်းဆန်ဂ် ဖြစ်ပါတယ်။ နာမည်ကျော် ကွန်ဖူးပညာရှင်လည်းဖြစ် ဟာသသရုပ်ဆောင်နဲ့ စတန့်မင်းသားလည်း ဖြစ်တဲ့ ဂျက်ကီချမ်းအကြောင်း ပြောမကုန်ပါဘူး။ သူလည်း စတန့်ရုပ်ရှင်တွေမှာ လူစားမထိုးဘဲ သရုပ်ဆောင်တဲ့ ရုပ်ရှင်သရုပ်ဆောင်လက်တစ်ဆုပ်စာထဲက တစ်ဦးဖြစ်ပါတယ်။

(၄) အာနိုး ရှဝါဇနက်ဂါ

Arnold Schwarzenegger

Photo: Brightside Me

ရုပ်ရှင်လောကထဲ မရောက်ခင်က အာနိုး ရှဝါဇနက်ဂါဟာ မောင်စကြဝဠာဘွဲ့ရ BodyBuilder တစ်ဦး ၊ သူ့ကို နာမည်ကြီးစေတာက သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေနဲ့ အက်ရှင်ကားတွေ ပါ။ အထူးသဖြင့် ၁၉၈၄ ခုနှစ်က ပထမဆုံး ဖြန့်ချိခဲ့တဲ့ Terminator ရုပ်ရှင်တွေဆို သူ့နာမည်နဲ့ တွဲမှတ်မိကြပါတယ်။ ရုပ်ရှင်လောကအပြင် နိုင်ငံရေးလောကထဲလည်း ရောက်သွားခဲ့ပြီး ၂၀၁၂ မှာ The Expendables 2 နဲ့ တကျော့ပြန် အောင်မြင်မှုတွေ ရခဲ့ပါတယ်။ အခုတော့ သူ့အသက်ဟာ ၇၃ နှစ်တောင် ရှိပြီ ဖြစ်ပါတယ်။

(၅) ဘရုစ် ဝီလီစ်

Bruce Willis

Photo: Brightside Me
အက်ရှင်ကားတွေနဲ့ အက်ရှင်မင်းသားတွေအကြောင်း ပြောကြတဲ့အခါ တခြားသူတွေကို ချန်ခဲ့လို့ ရကောင်း ရနိုင်ပေမယ့် ဘရုစ်ဝီလီစ်ကိုတော့ ချန်ထားလို့ မရပါဘူး။ ဘရုစ်ဟာ အက်ရှင်လို ဇာတ်ရုပ်တစ်မျိုးတည်းတင် သရုပ်ဆောင်တဲ့ မင်းသားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူ့ရဲ့ မှတ်တမ်းဝင် အကောင်းဆုံး ဇာတ်ရုပ်တွေကတော့ အက်ရှင်ကားတွေ ဖြစ်ပါတယ်။ ဥပမာ- Die Hard ထဲက ရဲအရာရှိ ဂျွန်မက္ကလိန်းလို နေရာမျိုး ဖြစ်ပါတယ်။ အသက် ၆၆ နှစ်အရွယ် ဘရုစ်ဟာ အခုတော့လည်း လူအိုတစ်ယောက်ရဲ့ဘဝထဲ ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်ပါတယ်။

(၆) လီယမ် နီဆင်

Liam Neeson

Photo: Brightside Me

လီယမ်နီဆင်ကို နာမည်ကြီးစေတဲ့ ရုပ်ရှင်က ၁၉၈၁ ခုနှစ်က ထွက်ခဲ့တဲ့ Excalibur ဖြစ်တယ်လို့ ဆိုပါတယ်။ စွယ်စုံရ မင်းသားကြီးတစ်လက်ဖြစ်ပြီး စပိုင်ဇာတ်ရုပ်တွေ ၊ ဘော်ဒီဂါတ်တစ်ယောက်လိုရော ကြေးစားတစ်ယောက်လိုပါ သရုပ်ဆောင်ဖူးပါတယ်။ အခု ၂၀၂၁ မှာ သူ့အသက်ဟာ ၆၉ နှစ်ပြည့်မှာပါ။ အသက်ကြီးလာပြီ ဆိုပေမယ့် နောက်အသစ် ထွက်လာမယ့် The Marksman ဆိုတဲ့ အက်ရှင်ကားမှာတောင် သရုပ်ဆောင်ထားပါတယ်။

(၇) ယန်းကလော်ဒီ ဗန်ဒိန်း

Jean-Claude Van Damme

Photo: Brightside Me

ဘယ်လ်ဂျီယမ် မင်းသားကြီး ဗန်ဒိန်းဆိုရင် တိုက်ခိုက်ရေးနဲ့ ကိုယ်ခံပညာအမျိုးမျိုး ကျွမ်းကျင်သူလို့ အားလုံးက သိကြပါတယ်။ ၈၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန်ပြည်ထောင်စု ရောက်လာပြီး ဟောလီဝုဒ်မှာ သရုပ်ဆောင်ဖြစ်လာခဲ့သူပါ။ သူ့ရဲ့ ရုပ်ရှင်တွေထဲမှာ ကမ္ဘာကျော်ခဲ့တဲ့ ရုပ်ရှင်တွေက Bloodsport ၊ Kickboxer ၊ Lionheart ၊ Universal Soldier တို့ ဖြစ်ပါတယ်။ သူကတော့ အသက် ၆၀ ဆိုပေမယ့် အရွယ်ကျတာ မြန်လိုက်တာရယ်လို့လည်း ပြောရမှာပါ။