ဇာတ်ကောင်အရ ဩဇာအကြီးဆုံး ဇာတ်ရုပ်တွေထဲမှာ 007 လို့ ခေါ်တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ရုပ်ကို ထည့်ပြောကြပါတယ်။ မင်းသားကြီး ရှောင်ကွန်နရီရဲ့ Dr.No (၁၉၆၂) ဇာတ်ကားကနေ ဒီနှစ်ပဲ ရုံတင်ခဲ့တဲ့ ဒန်နီယယ်ခရေ့ချ်ရဲ့ နောက်ဆုံးဂျိမ်းစ်ဘွန်းရုပ်ရှင် No Time To Die (၂၀၂၁) အထိ နှစ်ပေါင်း ၆၀ သက်တမ်းမှာ ဂျိမ်းစ်ဘွန်းမင်းသား ၆ လက် ပြောင်းခဲ့ပြီ ဖြစ်ပါတယ်။

ဝက်ဝက်ကွဲ အောင်မြင်တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးတွေကလည်း တကယ့်ကို ထိပ်တန်းအဆင့် မင်းသားတွေ ဖြစ်နေပါတယ်။ အခုတော့ ဂျိမ်းစ်ဘွန်းအတွက် မင်းသားသစ်‌ ပြောင်းရမယ့်အချိန် ရောက်လာပြီ ဖြစ်ပါတယ်။ ဒန်နီယယ်ခရေ့ချ်အလွန် ဂျိမ်းစ်ဘွန်းမင်းသားနေရာမှာ သရုပ်ဆောင်ဖို့ စိတ်ဝင်စားနေသူတွေ ရှိပါတယ်။ တလောကပဲ The Rock လို့ လူသိများတဲ့ မင်းသားကြီး ဒွိုန်းဂျွန်ဆင်နဲ့ ရိုင်ယန်ရေးနိုးစ်ကလည်း ဂျိမ်းစ်ဘွန်းဇာတ်ကောင်းအနေနဲ့ သရုပ်‌ဆောင်ချင်တဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။

အခုထိတော့ ဘယ်မင်းသားကို ဂျိမ်းစ်ဘွန်းအဖြစ် တင်မလဲ မသိရသေးပါဘူး။ တစ်ယောက်တစ်မျိုး ထင်ကြေးတွေ ပေးနေကြတဲ့အထဲက Games Radar ဝက်ဘ်ဆိုက်က ဖော်ပြထားတဲ့ နောက်ထပ်ဂျိမ်းစ်ဘွန်းဖြစ်လာနိုင်တဲ့ ဇာတ်ဆောင်တွေအကြောင်း ပြောပြလိုက်ပါတယ်။

(၁) တွမ်ဟာဒီ

Tom Hardy

PhoTo: British GQ

Venom ကားသစ် ထွက်ထားတဲ့ မင်းသားကြီး တွမ်ဟာဒီဟာ ဂျိမ်းစ်ဘွန်းဇာတ်ကောင်အဖြစ် သရုပ်ဆောင်နိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၀ နှစ်ဆန်းပိုင်းတုန်းကဆို သတင်းမီဒီယာတွေနဲ့ ရုပ်ရှင် အသိုင်းအဝိုင်းတွေထဲက တွမ်ဟာဒီဟာ နောက်ထပ်ဂျိမ်းစ်ဘွန်းဖြစ်မယ့် မင်းသားအဖြစ် တရားဝင်ထုတ်ပြောလာတာတွေ ရှိပါတယ်။ တွမ်ဟာဒီရဲ့ ပုံစံနဲ့ သရုပ်ဆောင်တဲ့ဝါအရ ဂျိမ်းစ်ဘွန်းကားတွေမှာ ပါခွင့်ရရင်လည်း လူကြိုက်များဖို့ ရှိပါတယ်။

(၂) ဟင်နရီ ကာဗေးလ်

Henry Cavill

Photo: gamesradar

Superman မင်းသားကြီးကို စုံထောက်ဇာတ်ရုပ်နဲ့ မြင်ရမယ်ဆိုရင်လည်း ပရိသတ်တွေ အကြိုက်တွေ့နိုင်တာပါပဲ။ ကာဗေးကိုယ်တိုင်လည်း ၂၀၀၅ ခုနှစ်က ဂျိမ်းစ်ဘွန်းဇာတ်ရုပ်အတွက် ဝင်အရွေးခံခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်က အသက် ၂၂ နှစ်ပဲ ရှိသေးတာ ဖြစ်လို့ သူဟာ ဒန်နီယယ်ခရေ့ချ်ကို မယှဉ်နိုင်ခဲ့ပါဘူး။ အခု အသက် ၃၈ နှစ်အရွယ်မှာရော နောက်တစ်ကြိမ် အရွေးခံဖြစ်မလား ဆိုတာ မသိပါဘူး။

(၃) အိုင်းဒရစ် အယ်လ်ဘာ

Idris Elba

Photo: fashionista

ဂျိမ်းစ်ဘွန်းမင်းသားဖြစ်လာမယ်လို့ နောက်ထပ် ရေပန်းစားနေသူက အိုင်းဒရစ် အယ်လ်ဘာပါ။ အယ်လ်ဘာကို လန်ဒန်စုံထောက်တစ်ယောက်အနေနဲ့ Luther တီဗွီစီးရီး ဇာတ်လမ်းတွေမှာ မြင်ခဲ့ဖူးပါတယ်။ သူ့အတွက် စုံထောက်ဇာတ်ရုပ်ဆိုတာ အလေ့အကျင့် ရှိပြီးသား ဖြစ်သလို အသက် ၅၀ တန်းဖြစ်လို့ ဂျိမ်းစ်ဘွန်းဇာတ်ရုပ်နဲ့ ကွက်တိလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ အယ်လ်ဘာသာ ဂျိမ်းစ်ဘွန်းဖြစ်လာမယ်ဆိုရင် ပထမဆုံး လူမည်းဂျိမ်းစ်ဘွန်းမင်းသားဖြစ်လာမှာပါ။

(၄) ရက်ဂီယန်း ပေ့ချ်

Rege-Jean Page

Photo: hollywoodreporter

Netflix ရဲ့ Bridgerton ဇာတ်လမ်းတွဲမှာ Hastings မြို့စားအဖြစ် သရုပ်ဆောင်ထားတဲ့ ရက်ဂီယန်းပေ့ချ်လည်း ဂျိမ်းစ်ဘွန်းမင်းသားဖြစ်လာဖို့ ရေပန်းစားနေပါတယ်။ တခြားမင်းသားတွေကို ကျော်ပြီး ဂျိမ်းစ်ဘွန်းနေရာအဖြစ် ရေပန်းစားရတဲ့အကြောင်းတစ်ခုက အရင် ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးယားစ် ဘရော့စ်နန်က ထောက်ခံချက်ပေးထားလို့ပါ။

(၅) လာရှာနာ လင့်ချ်

Lashana Lynch

Photo: Digital Spy

တကယ်လို့ ဒန်နီယယ်ခရေ့ချ်အလွန် ဂျိမ်းစ်ဘွန်းဟာ အမျိုးသမီးတစ်ဦးဖြစ်လာမယ်ဆိုရင် သိပ်အံ့ဩစရာ မရှိတော့ပါဘူး။ နောက်ဆုံးထွက် No Time To Die မှာတောင် 007 အဖြစ် တရားဝင်ခန့်အပ်ခံရသူက မင်းသမီးဖြစ်လို့ပါ။ မင်းသမီးမှ လူမည်းမင်းသမီးဖြစ်ပြီး အဲ့ဒီမင်းသမီးကလည်း လာရှာနာ လင့်ချ် ဖြစ်နေလို့ပါပဲ။ ဂျိမ်းစ်ဘွန်းဇာတ်ကောင်နေရာမှာ မင်းသမီးတစ်ယောက် သုံးမယ်ဆိုရင် အဲ့ဒီမင်းသမီးဟာ လာရှာနာ လင့်ချ် ဖြစ်ဖို့ အလားအလာ ပိုများပါတယ်။

အခုပြောခဲ့တဲ့ စာရင်းအပြင် နာမည်ကြီးနေတဲ့ နောက်တက်လာမယ့် ဂျိမ်းစ်ဘွန်းမင်းသားစာရင်းထဲမှာ စီလီယံ မာဖီ ၊ ဆမ် ဟူးဂမ်း ၊ ရစ်ချတ် မက်ဒန် ၊ ဒဗ် ပါတဲလ် ၊ တွမ် ဟစ်ဒယ်စတုန်း ၊ ဂျိမ်းစ် နော်တန် ၊ ဟင်နရီ ဂိုးလ်ဒင်း ၊ ဂျာမီးလ်ဘဲလ် ၊ ဂျွန် ဘိုယီဂါ တို့လည်း ပါဝင်နေပါတယ်။

Featured Photo: papergeek