နည်းပညာတွေ တစ်စထက် တစ်စ တိုးတက်လာသည်နှင့်အမျှ သူ့အနောက်က ခြိမ်းခြောက်နေတဲ့ အရာတွေကလည်း ရှိနေသေးတယ်ဆိုတာကို မေ့မထားသင့်ပါဘူး။ AI ကြောင့် လူသားတွေရဲ့ ဘဝက ပိုမိုလွယ်ကူလာနိုင်ပေမယ့် တစ်ဖက်မှာလည်း တချို့အလုပ်အကိုင်ကို လုပ်ကိုင်နေရတဲ့သူတွေအဖို့ စိုးရိမ်ဖွယ် ရာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ တိုးတက်လာတဲ့ နည်းပညာကြောင့်ပဲ သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေက ဆုံးရှုံးသွားရလို့ပဲ ဖြစ်ပါတယ်။

AI ကြောင့် စိုးရိမ်ဖွယ် ဖြစ်လာရတဲ့ အလုပ်အကိုင်တွေက ဘယ်အလုပ်အကိုင်တွေ ဖြစ်မလဲဆိုတာကို ကွီးတို့ စိတ်ဝင်စားပါသလား။ ကွီးတို့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အကိုင်ကရော အခုဖော်ပြမယ့် စာရင်းထဲမှာ ပါသလားဆိုတာကို စစ်ကြည့်လိုက်ပါဦး။

(၁) ဆိုရှယ် မီဒီယာပိုင်းနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေရတဲ့သူတွေ

ဆိုရှယ် မီဒီယာ

Photo : Fegno

ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာနဲ့ အလုပ်လုပ်နေရတဲ့သူတွေ တစ်ပုံကြီးပါပဲ။ အွန်လိုင်းကနေ ဈေးရောင်း၊ ဈေးဝယ်ကြတယ်၊ လူစိတ်ဝင်စားအောင် Content မျိုးစုံရေးကြ၊ ဗီဒီယိုမျိုးစုံ၊ အာတီကယ် မျိုးစုံ ရေးသားကာ ထုတ်ကုန်ပစ္စည်း အရေအတွက်များများ ရောင်းရအောင် ပြုလုပ်လေ့ရှိပါတယ်။ နည်းပညာများ မြင့်မားလာတဲ့အတွက်ကြောင့် အေအိုင်နဲ့ အာတီကယ်တွေ ရေးထုတ်ပေးတာမျိုး၊ Content Marketers သမားတွေ ထိုင်ငိုသွားရလောက်တဲ့အထိ အမိုက်စား အိုင်ဒီယာတွေ ထုတ်ပေးတာမျိုးအထိ ကျွမ်းနေတာကလည်း စိုးရိမ်စရာပါပဲ။

(၂) သတင်းထောက်

AI စိုးရိမ်ဖွယ်

Photo : istockphoto

သတင်းထောက် တော်တော်များများရဲ့ နေရာကိုလည်း အေအိုင်က မျက်စောင်းထိုးနေပါတယ်။ သတင်းထောက်ဆိုတဲ့နေရာမှာ နယ်ပယ်အသီးသီးရှိပါတယ်။ အားကစား သတင်းထောက်လား၊ စီးပွားရေး နယ်ပယ်က သတင်းထောက်လား အစရှိသဖြင့် နယ်ပယ်အသီးသီးက သတင်းထောက်တွေ သတင်းရေးသလိုမျိုးပဲ အေအိုင်က Automated သတင်းတွေကို ရေးသားနိုင်နေပါပြီ။ အေအိုင်နဲ့ပဲ ရွေးကောက်ပွဲ သတင်းတွေ၊ အားကစားသတင်းတွေကို ရေးသားနိုင်နေတာကြောင့် အနာဂတ်မှာ သတင်းထောက် အလုပ်အကိုင်ကလည်း အေအိုင်ကြောင့် ပျောက်ကွယ်သွားဖို့ အလားအလာ ရှိနေပါတယ်။

(၃) Graphic Artist အလုပ်

AI စိုးရိမ်ဖွယ်

Photo : Labellerr

တီထွင်ကြံဆဥာဏ် အများကြီး လိုအပ်ပြီး အနုပညာဆန်တဲ့ Graphic Artist အလုပ်ကတော့ စိတ်ပူစရာမလိုဘူးလို့ ထင်နေရင် ကွီးတို့က Open AI ရဲ့ DALL-E 2 ဆိုတာကို မသိသေးလို့ပါ။ ကွီးတို့က စာသာလေး တစ်ကြောင်းလောက် ရေးလိုက်တာနဲ့ တကယ့်ကိုမှ အနုပညာရသမြောက်ပြီး စိတ်ကူးဥာဏ်ကောင်းကောင်းနဲ့ တီထွင်ထားသလား အောက်မေ့ရတဲ့ ဒီဇိုင်းတွေကို ထုတ်ပေးမှာပဲဖြစ်ပါတယ်။ ကွီးတို့သာ Graphic Artist အလုပ်ကို လုပ်ကိုင်နေတယ်ဆိုရင်တော့ DALL-E 2 ထက် ပိုမိုသာလွန်အောင် ကြိုးစားရမှာ အမှန်ပါပဲ။

(၄) စက်ရုံ အလုပ်သမားများ

AI စိုးရိမ်ဖွယ်

Photo : Forbes

Amazon က စက်ရုပ်ပေါင်း ၅ သိန်းကို စတင် စုဆောင်းပြီး အလုပ်ခိုင်းထားတာ ဆယ်စုနှစ်တစ်ခု ကျော်လွန်လာခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ စက်ရုံ အလုပ်သမားပေါင်း ၁ သန်းကျော်ကိုလည်း ခန့်ထားပြီး အလုပ်ပေးထားပါတယ်။ စက်ရုပ်တွေ အလုပ်လုပ်တာ ပိုမြန်တဲ့အတွက်ကြောင့် အနာဂတ်မှာ စက်ရုံ အလုပ်သများတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဆိုတာသည်လည်း တစ်စထက် တစ်စ နည်းပါးလာတော့မယ်ဆိုတာ ငြင်းနိုင်ဖွယ်ရာမရှိပါဘူး။

ကွီးတို့ရဲ့ အလုပ်အကိုင်ကရော အေအိုင်ရဲ့ မျက်စောင်းထိုးခြင်းကို ခံနေရပြီလား။

Source : Electronics.howstuffworks

Featured Photo : Shutterstock