နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူသားတို့အတွက် ဘက်ပေါင်းစုံကနေ ကောင်းကျိုးတွေ ရရှိနေတယ်ဆိုတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ထိုအထဲမှာ ရေပန်းအစားဆုံး ထိပ်တန်း နည်းပညာတစ်ခု ဖြစ်တဲ့ Artificial Intelligence ( AI ) လို့ခေါ်တဲ့ ဉာဏ်ရည်တု ကလည်း အပါအဝင် ဖြစ်ပါတယ်။ AI ဆိုသည်မှာ လူသားတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး လုပ်ငန်းစဉ်ကို စက်ဖြင့်ပုံဖော်ခြင်း၊ အထူးသဖြင့် ကွန်ပြူတာစနစ်ဖြင့် ပုံဖော်ခြင်းကို ရည်ညွှန်းပါတယ်။ AI သည် အလုပ်များ ပြီးမြောက်စေရန် နဲ့ ပြဿနာများကို ဖြေရှင်းရန် အတွက် ကွန်ပြူတာမှ လိုက်နာနိုင်သည့် ကြိုတင်သတ်မှတ်ထားသော စည်းမျဉ်းများအလိုက် ပရိုဂရမ် များကို အသုံးပြုထားပါတယ်။

AI အလုပ်တွေ

Photo : Science Times

AI ရဲ့ လုပ်ဆောင်နိုင်မှုတွေက တစ်နေ့တစ်ခြား တိုးတတ်ကောင်းမွန် လာတာကြောင့် လူသားတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာပါတယ်။ ဒါ့အပြင် အချို့နေရာများလည်း လူသားများအစား စက်ရုပ်တွေ၊ AI နည်းပညာတွေကို အသုံးပြုဖို့ ကြိုးစားနေလျက်ရှိပါတယ်။ ဒီအချက်က တကယ်ကောင်းမွန်တဲ့ အချက်လို့ ဆိုနိုင်သော်လည်းပဲ လူသားများအတွက် အလုပ်အကိုင်ရှားပါးမှု ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အနာဂတ်မှာ အလုပ်အားလုံးကို AI နဲ့အစားထိုးမှာလား ဆိုတာ မေးစရာ ရှိပါတယ်။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ AI နဲ့ အစားမထိုးနိုင်တဲ့ အလုပ်တွေ ရှိပါသေးတယ်။

ဒီဆောင်းပါးလေးမှာတော့ AI နဲ့ အစားထိုးလို့ မရတဲ့ အလုပ်တွေ ထဲက အချို့ကိုဖော်ပြသွားမှာ ဖြစ်ပါတယ်။

(၁) ဆရာများ

AI အလုပ်တွေ

Photo : Working Dad

သင်ယူခြင်းက ကျွန်ုပ်တို့ရဲ့ ဘဝအတွက် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပြီး ပညာရေး ဝန်ထမ်းများ အထူးသဖြင့် ဆရာများကလည်း အထူးပြုသင်ကြားသည့် ဘာသာရပ်များကြားတွင် အဓိကတန်ဖိုးများနှင့် မရှိမဖြစ်လိုအပ်သော သဘောတရားများကို ဖြန့်ဝေရာတွင် အရေးကြီးသောတာဝန်ရှိပါတယ်။ Online ကနေသင်ယူမှုကို လုပ်နိုင်သော်လည်း ဆရာများနေရာတွင် AI ကို အစားထိုးပြီး အပြည့်အဝ ဒစ်ဂျစ်တယ် သင်ကြားရေး အတွေ့အကြုံကို ရရှိဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

(၂) ရှေ့နေများနှင့် တရားသူကြီးများ

AI အလုပ်တွေ

Photo : iPleaders

ဒီရာထူးများက စေ့စပ်ညှိနှိုင်းရေး၊ ဗျူဟာနှင့် ကိစ္စခွဲခြမ်းစိတ်ဖြာခြင်းရဲ့ ခိုင်မာသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ တရားစီရင်ရေးပိုင်းဆိုတာ ပညာရှင်တစ်ဦးစီရဲ့ ကိုယ်ပိုင် အတွေ့အကြုံနှင့် အသိပညာအပေါ် များစွာအခြေခံထားပါတယ်။ ဒါ့အပြင် ရှုပ်ထွေးသော တရားရေးစနစ်များကို လမ်းညွှန်ရန်နှင့် တရားရုံးတွင် အမှုသည်တစ်ဦးကို ခုခံရာတွင် ငြင်းခုံရန် ကျွမ်းကျင်မှုအချို့နဲ့ ရှုထောင့်အမျိုးမျိုးကို မြင်တတ်ရန် လိုအပ်ပါတယ်။ ဒါကြောင့် Al ကို အစားထိုးနိုင်ဖို့ မလွယ်ကူနိုင်ပါဘူး။

(၃) ဒါရိုက်တာများ၊ မန်နေဂျာများနှင့် CEO များ

AI အလုပ်တွေ

Photo : Property Update

AI နဲ့ အစားထိုးမရတဲ့ အလုပ်တွေ ထဲမှာ ဒါရိုက်တာများ၊ မန်နေဂျာများနှင့် CEO များ စတဲ့ ရာထူးတွေလည်း ပါဝင်ပါတယ်။ အဘယ့်ကြောင့်ဆိုလျှင် အဖွဲ့အစည်းတစ်ခု သို့မဟုတ် ကုမ္ပဏီတစ်ခု အတွင်းရှိ လူများအား စီမံခန့်ခွဲခြင်းသည် ခေါင်းဆောင်မှုဆိုင်ရာကိစ္စဖြစ်ပြီး ၎င်းသည် ကုဒ်ဖြင့်ရေးသားကာ မျဉ်းဖြောင့်ပုံစံဖြင့် တစ်သတ်မှတ်တည်း လုပ်ဆောင်လို့ ရတဲ့ အရာတစ်ခုမဟုတ်ပါဘူး။

(၄) ပရော်ဖက်ရှင်နယ် အားကစားသမားများ

Photo : You Free

ဘေ့စ်ဘောကစားနေတဲ့ စက်ရုပ်တွေ၊ ဘောလုံးကန်နေတဲ့ စက်ရုပ်တွေကို ကြည့်ရတာ ပျော်စရာကောင်းမယ် ထင်ပါသလား။ အားကစားသမားတစ်ဦးဖြစ်ရန် အဓိကအားဖြင့် လူသားဖြစ်ရန် လိုအပ်ပါတယ်။၊ ဒါမှသာ အားကစားကို ကြည့်ရတာ ပျော်ရွှင် စိတ်လှုပ်ရှားစရာကောင်းပြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတာဟာ လူသားတွေအတွက် တကယ်ကို အကျိုးရှိစေတဲ့ အရာပါ။

(၅) အဆိုတော်များ

Photo : Youtube

ပရိသတ်တွေက သူတို့ကြိုက်တဲ့ အဆိုတော်တွေနဲ့ ချိတ်ဆက်နိုင်မှု၊ အဆိုတော်ရဲ့ ခံစားချက်နဲ့ သီချင်းကို ဖျော်ဖြေတင်ဆက်ပုံတွေကို သဘောကျကြပါတယ်။ သို့သော်လည်း AI မှာ ခံစားချက်မရှိတာကြောင့် လူသားတွေအနေနဲ့ စိတ်နဲ့ခံစားရတဲ့ အနုပညာကို စက်ရုပ်တွေက ဖျော်ဖြေတင်ဆက်နိုင်မယ် မထင်ပါဘူး။ AI မှ ဖန်တီးတဲ့ တေးဂီတနှင့် စာသားများ ကို အမှန်တကယ် ရှာဖွေနိုင်သော်လည်း ကျွန်ုပ်တို့ သဘောကျတဲ့ အဆိုတော်များရဲ့ စွမ်းဆောင်ရည်ကို စက်ဖြင့် အစားထိုးဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။

(၆) စာရေးဆရာများ

Photo : Fresh Chapters

စာရေးခြင်းက အနုပညာတစ်ခု ဖြစ်ပါတယ်။ အတွေးတွေကို စကားလုံးတွေထဲ ထည့်ဖို့ဆိုတာ အလွန်ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ စာရေးဆရာများက အခြားသူများရဲ့ စိတ်ကူးများ၊ အခြေအနေများ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်ရဲ့ စိတ်ကူးစိတ်သန်းများမှ အကြောင်းအရာများကို စကားလုံးတွေ အဖြစ်ဖန်တီးတာ ဖြစ်ပါတယ်။ စက်များက ဖွဲ့စည်းပုံဒေတာများကို ခွဲခြမ်းစိတ်ဖြာရာတွင် ထူးချွန်သော်လည်း စက်ရုပ်များသည် စာရေးဆရာကောင်းတစ်ဦးရဲ့ ပင်ကိုယ်စွမ်းရည်၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် စိတ်ကူးစိတ်သန်းများကို အတုယူလို့ မရနိုင်ပါဘူး။

အခုဖော်ပြပေးလိုက်တာကတော့ AI ဖြင့် အစားမထိုးနိုင်တဲ့ အလုပ်တွေ ထဲက အချို့ပဲ ဖြစ်ပါတယ်။ အခြားသော အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ အလုပ်အကိုင်အချို့လည်း ရှိပါသေးတယ်။ မည်သို့ပင် ဆိုစေကာမူ နည်းပညာရဲ့ တိုးတက်လာမှုကတော့ တကယ်ကို အံ့မခန်းပါပဲ။

Source : In Hunt World

Featured Photo : Teach