တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်ဟောင်း ဂျာမိန်း ဂျီးနတ်စ်က သီယာဂို အယ်လ်ကန်တာရာဟာ လီဗာပူးလ်ကွင်းလယ်မှာ အားနည်းတဲ့အစိတ်အပိုင်းဖြစ်တယ်လို့ ယုံကြည်နေပြီး အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ကလော့ပ်ရဲ့ ဖိအားပေးကစားတဲ့စတိုင်လ်ကို လိုက်မီနိုင်ဖို့ ရုန်းကန်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ စနေနေ့က လက်စတာစီးတီးအသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ၁၀ မှတ်ကွာဟနေခဲ့ပြီဖြစ်ပါတယ်။ လက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ကလော့ပ်က လီဗာပူးလ်ရဲ့ချန်ပီယံဘွဲ့ကာကွယ်မှုဟာ ပြီးဆုံးသွားခဲ့ပြီလို့ ဝန်ခံပြောကြားခဲ့ပြီး မန်စီးတီးအသင်းဟာ တစ်ပွဲလျော့နေတာကြောင့် ၁၃ မှတ်အထိ ဖြတ်ထားနိုင်ဖို့အတွက် အခွင့်အရေးကောင်း ရရှိနေတာဖြစ်ပါတယ်။

Photo: Football 365
သီယာဂို အယ်လ်ကန်တာရာဟာ လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အကျိုးသက်ရောက်မှုပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ဂျီးနတ်စ်က ဘိုင်ယန်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ မှားယွင်းတဲ့အချိန်တွေမှာ ဖိအားပေးကစားပြီး ဆိုးရွားတဲ့ နေရာယူကစားပုံကို ပြသခဲ့တဲ့ လက္ခဏာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“သူတို့တွေ အခုအချိန်မှာတော့ ခြေမှန် ကျိန်းသေရနေမယ်လို့ ကျွန်တော် မထင်ပါဘူး။ ခင်ဗျား အချိတ်အဆက်တစ်ခုလုပ်တဲ့အခါမှာ ချိန်းကြိုးထဲမှာ အဲဒီတစ်ခုက အားနည်းနေတာ ဒါမှမဟုတ် ပျောက်ဆုံးနေတာဆိုတာ ပျက်သွားမှာပဲ။ အဲဒါက ဒီနေ့မှာ ရှင်းလင်းသွားတယ်လို့ ထင်ပါတယ်။ သူတို့တွေ ဒီလို မြင့်မားတဲ့ဖိအားပေးကစားပုံနဲ့ ကစားဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ သီယာဂိုက သူတို့အတွက် ဘောလုံးမရှိဘဲ အားနည်းနေတဲ့အစိတ်အပိုင်းဖြစ်နေခဲ့တယ်လို့ ထင်ပါတယ်”
“သူက ဘိုင်ယန်မှာတော့ အဆင်ပြေခဲ့ပါတယ်။ အဲဒီတော့ အခုအချိန် ဒီစနစ်ထဲမှာတော့ အဆင်မပြေပါဘူး။ လီဗာပူးလ်မှာ သူတို့တွေ ကစားနေတဲ့ ဖိအားပေးကစားတာထက် ဘိုင်ယန်မြူးနစ်မှာ မတူညီတဲ့အချိန်တွေမှာ သူ ဖိအားပေးကစားခဲ့တာက အဓိကအချက်ဖြစ်မလားမသိပါဘူး။ သူ မလုပ်သင့်တာတွေ လုပ်ခဲ့တယ်ဆိုတာကတော့ ကျွန်တော့်အတွက် ရှင်းပါတယ်”

Photo: Getty Images
“သူ ကိုယ့်ကိုကိုယ် ကစားရခက်အောင် လုပ်နေတယ်လို့ ကျွန်တော် ခံစားရတယ်။ သူ လက်စတာစီးတီးကစားသမား ၃ ယောက်လောက် သူ့အနားမှာရှိနေတဲ့အချိန်မှာ တစ်စုံတယောက်ကို ဖိအားပေးဖို့လုပ်နေတယ်။ သူ့အနားမှာရှိနေတဲ့လူတွေက အလွတ်တကူပဲ ဘောလုံးကို ရယူသွားခဲ့တယ်။ သူ့ရဲ့ နေရာယူပုံကို ထိန်းသိမ်းထားချင်တယ်ဆိုရင် အဲဒါက အများကြီး ပိုပြီးခက်ပါတယ်”
“သီယာဂိုက ဘောလုံးပိုင်ဆိုင်မှုနဲ့ ပြိုင်ဘက်ကစားသမားတွေကို ဖိအားပေးကစားတာ နောက်ကျနေတယ်လို့ ကျွန်တော် ခံစားရတယ်။ သူ သူ့ကိုယ်သူ ကစားရခက်အောင် လုပ်နေတယ်”လို့ ပြောကြားခဲ့ပါတယ်။
