မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ဆန်းချက်ဇ်အနေနဲ့ အသင်းအတွက် စွမ်းဆောင်ပေးနိုင်ဆဲဖြစ်တယ်လို့ ယုံကြည်နေပေမယ့် ကြယ်ပွင့်တောင်ပံကစားသမားက အိုးထရက်ဖို့ဒ်မှာ အနာဂတ်မရှိတော့ဘူးလို့ မြင်နေကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

အလက်ဆစ်ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းမှာ ယခုရာသီကို အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့တာဖြစ်ပြီး စီးရီးအေထိပ်သီးအသင်းကို အပြီးသတ်ပြောင်းရွှေ့နိုင်လိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ အာဆင်နယ်ကြယ်ပွင့်ဟောင်း ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းရဲ့ နောက်ဆုံး ၉ ပွဲမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ခဲ့ပြီး ၎င်းရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

Photo: talksport

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်ပံကစားသမားဟာ အခြေခံလစာ ပေါင် ၃၀၀၀၀၀နဲ့ ပုံရိပ်အသုံးပြုခ ပေါင် ၁၀၀၀၀၀ အပါအဝင် တစ်ပတ်လုပ်ခလစာ ပေါင် ၅၆၀၀၀၀ တန်ကြေးရှိတဲ့ စာချုပ်သက်တမ်း ၂ နှစ်နီးပါးကျန်ရှိနေသေးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို သြဂုတ်လ ၇ ရက်နေ့မှာ ပြန်သွားရမှာဖြစ်ပါတယ်။ Daily Star ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆန်းချက်ဇ်ကို နောက်ထပ်အခွင့်အရေးပေးချင်နေပေမယ့် ဆန်းချက်ဇ်က အသင်းတာဝန်ရှိသူတွေကို တခြားနေရာမှာပဲ ကစားချင်တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

Source : The Mirror

“အလက်ဆစ်က မန်ချက်စတာကို ပြန်သွားစရာအကြောင်းမရှိဘူးလို့ မြင်နေပါတယ်။ သူ ခုရှိနေတဲ့နေရာမှာ ပျော်ရွှင်နေတယ်။ ယူနိုက်တက်မှာ သူ့အတွက် အလုပ်မဖြစ်ပါဘူး။ သူ ထွက်ခွာချင်တယ်ဆိုတာကို အသင်းက လက်ခံစေချင်နေပါတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက Daily Star ကို ပြောကြားခဲ့တာဖြစ်ပါတယ်။