ဒီဇာတ်လမ်းကို ပြောရမယ်ဆိုရင် ရယ်ရမလို၊ ငိုရမလိုပါပဲ။ လွန်ခဲ့တဲ့ ၂၄ နှစ်က ဒီနေ့လိုနေ့မျိုးမှာ အလီဒီယာလို့ ခေါ်တဲ့ကစားသမားဟာ ဆောက်သမ်တန်အသင်းအတွက် သူ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့ပါတယ်။ အမှန်တော့ အလီဒီရာဟာ အဲဒီအချိန်တုန်းက ဆောက်သမ်တန်နည်းပြ ဂရေမီဆောင်းနက်စ်ကို သူက ၁၉၉၅ ခုနှစ်မှာ ဘလွန်းဒီအော်နဲ့ တစ်နှစ်တာကမ္ဘာ့အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ဂျော့ဂျ်ဝဲ့ရှ်ရဲ့ ညီဝမ်းကွဲလို့ ဂျင်းထည့်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အလီဒီရာက သူဟာ ပီအက်စ်ဂျီအသင်းအတွက် ကစားပေးခဲ့ဖူးတယ်လို့လည်း ပြောကြားခဲ့ပြီး နိုင်ငံအသင်းနဲ့ ပီအက်စ်ဂျီအတွက် စုစုပေါင်း ၁၃ ပွဲ ကစားပေးခဲ့ဖူးတယ်လို့ ခပ်တည်တည်နဲ့ ဖိန့်ခဲ့တာဖြစ်ပါတယ်။

ALI DIA, on right, PLAYS FOR SOUTHAMPTON IN A MATCH AGAINST LEEDS UNITED AT THE DELL IN NOVEMBER 1996.

Photo: bleacherreport

ဆောင်းနက်စ်တို့ ဂျင်းမိပြီ
=========
ဆောက်သမ်တန်အသင်းက အလီဒီရာအကြောင်း ကောင်းကောင်းမသိသေးလို့ တစ်လစာချုပ် ချုပ်ဆိုခဲ့ပြီး ပရီးမီးယားလိဂ်မှာတောင် တစ်ပွဲ ပါဝင်ကစားခွင့်ပေးခဲ့ပါသေးတယ်။ ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ အလီဒီရာဟာ ကျောနံပါတ် ၃၃ ကို ဝတ်ဆင်ပြီး ပထမပိုင်းမှာ ဒဏ်ရာရရှိခဲ့တဲ့ မတ်လီတစ်စီယာအစား လူစားဝင်ကစားပြီး လိဒ်စ်ယူနိုက်တက်ကို ရင်ဆိုင်ခဲ့ပါတယ်။

ဆောင်းနက်စ် ရိပ်မိသွားသောအခါ
=============
ဒုတိယပိုင်းမှာ လူစားဝင်ကစားနေတဲ့ အလီဒီရာရဲ့ ခြေစွမ်းဟာ တော်တော်လေးဆိုးနေတာကို ဆောင်းနက်စ် အံ့အားသင့်စွာနဲ့ မြင်တွေ့ခဲ့ရပြီး ၂-၀ နဲ့ ရှုံးနိမ့်နေတဲ့ ၈၅ မိနစ်မှာ ခန်မွန်ကူနဲ့ လူစားပြန်လဲခဲ့ရလောက်တဲ့အထိ ရုပ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အလီဒီရာက လိဒ်စ်ယူနိုက်တက်အသင်းဘက်ကို အပိုင်ဂိုးကန်သွင်းခွင့်တစ်ကြိမ်ရရှိခဲ့ပြီး ဂိုးသမားကောင်းလို့ ကံစွပ်ပြီး ဂိုးရရှိမယ့်အခွင့်အရေးကို လွဲချော်သွားတာဖြစ်ပါတယ်။

ali-dia-southampton

Photo: Goal

အလီဒီရာနဲ့ ဆောက်သမ်တန်တို့ လမ်းခွဲကြပြီ
===============
ဆောက်သမ်တန်အသင်းဟာ ဒုတိယပိုင်း မိနစ် ၄၀ လောက်ပဲ ထည့်သုံးခဲ့တဲ့ အလီဒီရာဟာ လူလိမ်မှန်း ချက်ချင်းသိရှိသွားတာကြောင့် အဲဒီပွဲအပြီးမှာပဲ အလီဒီရာနဲ့ချုပ်ဆိုထားတဲ့ တစ်လစာချုပ်ကို ဖျက်သိမ်းလိုက်ပါတယ်။ လီတစ်စီယာကတော့ သူ့နေရာမှာ လူစားဝင်ကစားခဲ့တဲ့ အလီဒီရာရဲ့အကြောင်းကို သူ့ရဲ့ ကိုယ်တိုင်ရေးအထ္ထုပတ္တိမှာ တစ်ကြောင်းပဲ ထည့်ရေးခဲ့ပါတယ်။ “အဲဒါက မယုံကြည်နိုင်စရာပါပဲဗျာ။ သူ ကွင်းထဲမှာ ပတ်ပြေးနေတာများ ရေခဲပြင်ပေါ်က ဘမ်ဘီလိုပဲဗျာ”တဲ့။ (ဒစ်စနေက ထုတ်လုပ်ခဲ့တဲ့ သမင်ကာတွန်းကားထဲမှ အဓိကဇာတ်ကောင် သမင်ပေါက်လေး)

Featured Photo: Goal