ဒီတစ်ပတ်ရုံတင်ထားတဲ့ကားတွေကတော့ ကြည့်ချစ်စရာတွေချည်းနဲ့ ပြည့်နှက်နေပါတယ်။ ကြည့်ချင်စရာများတဲ့ ကားတွေထဲကမှ Titanic ၊ Avatar နဲ့ Terminator စတဲ့ ကမ္ဘာကျော်နာမည်ကြီးရုပ်ရှင်ကားတွေကို ဖန်တီးပုံဖော်ခဲ့တဲ့ ဒါရိုက်တာကြီး ဂျိမ်းကင်မရွန်းရဲ့ Alita: Battle Angel ဇာတ်ကားလည်း တစ်ကားအပါအဝင်ပါပဲ။

Alita: Battle Angel ရဲ့ ရုပ်ရှင်အမျိုးအစားကတော့ Science Fiction အမျိုးအစားဖြစ်ပြီးတော့ ကြာမြင့်ချိန်ကတော့ ၂ နာရီနဲ့ ၂၂ မိနစ်ကြာမြင့်ပါတယ်။ မင်းသမီးချော Rosa Salazar နဲ့ အော်စကာဆုရ သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြတာပါ။ အတိုက်အခိုက်နဲ့ ချတဲ့အခန်းတွေလည်း ပါဝင်တာကြောင့် အက်ရှင်ကားကြိုက်နှစ်သက်သူတွေအတွက် ကွက်တိကျမှာပဲဖြစ်ပါတယ်။

ဇာတ်ကားရဲ့ ခေတ်ကာလနောက်ခံကတော့ ၂၆ ရာစုကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Dr. Dyson Ido လို့အမည်ရတဲ့ စက်ရုပ်ဆရာဝန်တစ်ယောက်က သံတိုသံစအပိုင်းအစတွေကို စွန့်ပစ်ထားတဲ့ အမှိုက်ပုံကြီးထဲမှာ အစိတ်အပိုင်းအားလုံးပျက်စီးချို့ယွင်းနေပေမယ့် ဦးနှောက်ကတော့ ပကတိအတိုင်းကောင်းမွန်နေတဲ့စက်ရုပ်တစ်ရုပ်ကို တွေ့ခဲ့ပါတယ်။ အဲ့ဒါနဲ့ပဲ သူ့ဓာတ်ခွဲခန်းကိုခေါ်လာပြီး စက်ရုပ်ကို ခန္ဓာကိုယ်အသစ်ပြန်လည်ပြုလုပ်ကာ အသက်သွင်းခဲ့ပါတယ်။ အသက်သွင်းပြီးတဲ့ ထိုစက်ရုပ်ကို Alita လို့ အမည်ပေးခဲ့ပါတယ်။ သူမရဲ့ ဦးနှောက်က မပျက်စီးဘူးဆိုပေမယ့် သူ့ရဲ့မှတ်ဥာဏ်တွေအကုန်လုံးက ဆုံးရှုံးသွားခဲ့ပါတယ်။ သူမက ဘယ်သူလဲ၊ အတိတ်မှာ ဘယ်လိုဖြစ်ရပ်တွေ ကြုံတွေ့ခဲ့ရတာလဲ၊ ဘာ့ကြောင့် စွန့်ပစ်အမှိုက်ပုံထဲမှာ စွန့်ပစ်ခံထားရတာလဲ စတဲ့အရာတွေအကုန်လုံးကို မမှတ်မိပါဘူး။

Alita က သူမရဲ့ဘဝအသစ်မှာနေသားတကျဖြစ်ဖို့ အရာရာကို ကြိုးစားသင်ယူခဲ့တဲ့အချိန်မှာပဲ Hugo လို့ခေါ်တဲ့ကောင်လေးနဲ့ သိကျွမ်းရင်းနှီးလာခဲ့တယ်။ Hugo ကတော့ လောဘကြီးတဲ့ စီးပွားရေသမား Vector အတွက် တိတ်တဆိတ်အလုပ်လုပ်ပေးနေတာဖြစ်တယ်။ Alita ကို Hugo ကလည်း စိတ်ဝင်စားနေသလို တစ်ဖက်မှာလည်း သူမကို သတ်ပစ်ချင်နေတဲ့ လူဆိုးတွေလည်း ရှိနေပါတယ်။ သူမကို လိုက်လံတိုက်ခိုက်ပြီး သတ်ပစ်ချင်နေတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန်မှာ ကံကောင်းထောက်မစွာနဲ့ပဲစက်ရုပ်မလေးက သူမရဲ့တိုက်ရည်ခိုက်ရည်နဲ့ စစ်ရေးကျွမ်းကျင်မှုကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အတိတ်ကဖြစ်ရပ်များကို ပြန်လည်မှတ်မိသွားတဲ့အခါမှာတော့ သူမဘယ်လိုတုန့်ပြန်မလဲ။ သူမရဲ့ ရန်သူတွေကိုရော အနိုင်တိုက်ခိုက်ချေမှုန်းနိုင်ပါ့မလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကို သိရပြီဆိုတော့ ဇာတ်လမ်းခြုံငုံသုံးသပ်ချက်လေးကို ဆက်သွားကြည့်ရအောင်။ ဒီဇာတ်ကားလေးက Avatar လိုမျိုးပဲသိပ္ပံ စိတ်ကူးယဉ်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် အက်ရှင်၊ ရိုးမန့်တို့လည်း ပေါင်းစပ်ထားပါသေးတယ်။ အဓိကဇာတ်ကောင်ရဲ့ စိတ်ခံစားချက် အနိမ့်အမြင့် အတက်အကျအလိုက် ကြည့်ရှုနေတဲ့သူကို ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Graphic ပိုင်းနဲ့ ဇာတ်လမ်းပိုင်းကတော့ တော်တော်လေးကောင်းတယ်လို့ပြောရပါမယ်။ ဇာတ်ကား Trailer လေးလည်း အမြည်းကြည့်ရှုလိုက်ကြပါဦး။

စာဖတ်သူတို့ စိတ်ဝင်စားလို့ ကြည့်ချင်တယ်ဆိုရင်တော့ Junction City ၊ St. John City Mall ၊ Mingalar Sanpya Cineplex ၊ Mingalar Cineplex (Gamone Pwint) ၊ Mingalar Cinema 2 (Dagon Centre II) ၊ Mingalar Sein Gay Har ၊ Mingalar North Okkalapa ၊ Mingalar Tamwe နဲ့ Nay Pyi Taw Cinema တို့မှာ သွားရောက်ကြည့်ရှုလို့ရနေပါပြီ။