ဝက်ခြံပေါက်တယ်ဆိုတာ ကြီးထွားဖွံ့ဖြိုးတဲ့ဖြစ်စဉ်မှာ ပုံမှန် ဇီဝကမ္မဗေဒ ကိစ္စတခုဖြစ်ပါတယ်။ ကလေးဘဝကနေ ကြီးကောင်ဝင်လာပြီ၊ လူပျိုဖော်အပျိုဖော်စဝင်လာပြီဆိုရင် ဝက်ခြံတွေ စထွက်လာပါပြီ။
တစ်ချို့က ဝက်ခြံကို ညှစ်ထုတ်တက်ကြတယ်။ ဒီလို ဝက်ခြံကို လက်နဲ့ ညှစ်တာ၊ ကလိတာဟာ ရောဂါပိုးမွှားတွေကို အရေပြားအောက်ထဲကို ထိုးထည့်နေသလို ဖြစ်စေတာကြောင့် မသက်သာစေတဲ့အပြင် ပိုပြီးနီလာ၊ နာလာစေမှာဖြစ်ပြီး အခန့်မသင့်ရင် အနာဆိုးဆိုးရွားရွားတောင် ဖြစ်သွားနိုင်ပါတယ်။ ဝက်ခြံညှစ်ခြင်းဟာ အမာရွတ်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံထွက်လာပြီဆိုရင် မညှစ်ဖို့အကြံပေးပါရစေ။

Source: Men’s Health
တစ်ချို့တွေက နေပူဆာလှုံရင် ဝက်ခြံပျောက်တယ်ဆိုပြီး ပြောကြတာတွေရှိပါတယ်။ နေလောင်ပြီး ခဏလောက် အသားညိုသွားရင် ဝက်ခြံက သိပ်မသိသာတော့တာမျိုး ဖြစ်တတ်ပေမယ့် နေလောင်တာပျောက်သွားပြီး အသားပြန်ဖြူလာရင် ဝက်ခြံက ရှိနေဦးမှာပါပဲ။ ပြီးတော့ အကာအကွယ်မပါဘဲ နေရောင်ထဲမှာ အကြာကြီး နေမယ်ဆိုရင် အသားအရေကို ခြောက်သွေ့စေတဲ့အပြင် အသက်ကြီးလာတဲ့အခါ အရေးအကြောင်းတွေ ပေါ်လာတာ၊ အရေပြားကင်ဆာတွေ ဖြစ်စေနိုင်ပါတယ်။

Source: Medical News Today
မျက်နှာကို ပုံမှန်သစ်ပေးခြင်းက မျက်နှာမှာရှိတဲ့ အညစ်အကြေးတွေ၊ ပိုလျှံနေတဲ့ အဆီတွေနဲ့ အရေပြားဆဲလ်အဟောင်းတွေကို ဖယ်ရှားပေးတဲ့အတွက် ယေဘုယျအားဖြင့် ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ လိုတာထက်ပိုပြီး မျက်နှာ ခဏခဏသစ်တာ၊ မျက်နှာအရေပြားကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာတွေဟာ မျက်နှာအရေပြားကို ခြောက်သွေ့စေပြီး ပျက်စီးစေတဲ့အတွက် ဝက်ခြံတွေကို ပိုပြီးဆိုးရွားစေပါတယ်။
အကောင်းဆုံးကတော့ မျက်နှာကိုတစ်နေ့ နှစ်ကြိမ် ဆပ်ပြာအပျော့စား (သို့) မျက်နှာသစ်ဆေးတွေနဲ့ ဆေးကြောပေးတာပါပဲ။

Source: Swiss Cosmetics
ဝက်ခြံတွေပျောက်ချင်ဇောနဲ့ ဆေးတွေကို ပမာဏအများကြီး ပိုသုံးရင် အသားအရေဟာ ခြောက်သွေ့ ထိခိုက်စေနိူင်ပါတယ်။ ဝက်ခြံပျောက်ဆေးကို ဆေးဆိုင်က ဝယ်သုံးတာပဲဖြစ်ဖြစ် ဆရာဝန်ညွှန်ကြားတာပဲဖြစ်ဖြစ် ဆေးညွှန်းအတိုင်း အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြတာပါပဲ။
