Marvel Series ရဲ့ နောက်ဆုံးထွက် Spider-Man : No Way Home ဟာ ကိုဗစ်ကပ်အတွင်းမှာကို ရုံတင်ပြီး နှစ်ပတ်မပြည့်ခင် ရုံဝင်ကြေး ဒေါ်လာ ၁ ဘီလျံကျော် ရခဲ့ပြီး ၂၀၂၁ ရဲ့ ဝင်ငွေအမြင့်ဆုံးရတဲ့ ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ကမ္ဘာတလွှား COVID-19 ကပ်ရောဂါကူးစက်မှု ဖြစ်ပြီးနောက်ပိုင်း ၂ နှစ်အတွင်း Spider-Man: No Way Home လောက် ဝင်ငွေစံချိန်တင်တဲ့ ကားမရှိသေးတာကလည်း ထူးခြားချက်လို့ ဆိုရမှာပါ။

Spiderman ကားတွေထဲက ၂၀၁၉ မှာ ထွက်ခဲ့တဲ့ Spider-Man: Far From Home ကလည်း ‌ဒေါ်လာ ၁ ဘီလျံကျော် ဝင်ငွေရတဲ့ ရုပ်ရှင်ဖြစ်ပြီး Spider-Man ရုပ်ရှင်တွေထဲမှာ ပထမဆုံး ဒေါ်လာ ၁ ဘီလျံကျော်ဝင်ငွေရတဲ့ ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလို အောင်မြင်မှုတွေ ဆက်တိုက်ရနေတဲ့ Spider-Man ရုပ်ရှင်တွေကို ကောင်း/ဆိုး/သင့် ခွဲရင် အမြင်အမျိုးမျိုး ကွဲကြမှာ အမှန်ပါပဲ။ အခုဆောင်းပါးမှာတော့ နာမည်ကျော် Rotten Tomatoes ရဲ့ Ranking အတိုင်း Rating အမြင့်ဆုံး Spider-Man ရုပ်ရှင်ကား ၅ ခုအကြောင်း ဖော်ပြလိုက်ပါတယ်။

(၅) Spider-Man: Far From Home (2019)

FAR FROM HOME (2019)

Photo: cutewallpaper

Rotten Tomatoes ရဲ့ Rating အမြင့်ဆုံး Spider-Man ကားစာရင်းမှာ ၂၀၀၂ ထွက် Spider-Man နဲ့ ၂၀၁၉ ထွက် Spider-Man: Far From Home တို့ကို 90% Rating ပေးထားပါတယ်။ ၂၀၀၂ ထွက် တိုဘီမက်ဂွဲယားရဲ့ စပိုက်ဒီဟာ ပရိသတ်တွေကို စိတ်လှုပ်ရှားမှုရသနဲ့ မှတ်မှတ်ရရ ဖြစ်စေအောင် ဆွဲဆောင်နိုင်ခဲ့သလို တွမ်ဟော်လန်ရဲ့ Far From Home ကလည်း MCU အတွက် နောက်တစ်ခေတ်ကို သပ်ရပ်စွာ ကူးပြောင်းခဲ့တဲ့အကွက်လို့ ဆိုကြပါတယ်။ အပြိုင်စကြဝဠာနဲ့ ချိတ်ဆက်ထားမှုကနေ ဇာတ်အိမ်ဆန်းသစ်လာခြင်းနဲ့ ဆင်မြူရယ် အယ်လ် ဂျက်ခ်ဆန် ၊ ဂျိတ်ခ်ဂိုင်လန်ဟေးလ်တို့ရဲ့ သရုပ်ဆောင်မှုအရည်အသွေးတွေကြောင့်လည်း အောင်မြင်တာလို့ ယူဆရပါတယ်။

(၄) Spider-Man: Homecoming (2017)

Homecoming (2017)

Photo: thenerdsofcolor

တွမ်ဟော်လန်ရဲ့ Spider-Man ဇာတ်ရုပ်နဲ့ စပြီးအောင်မြင်လာတဲ့ ဇာတ်ကားတစ်ကားက Spider-Man: Homecoming ဖြစ်ပါတယ်။ သူ့အရင်မှာ Spider-Man ဇာတ်ရုပ်ကို တိုဘီမက်ဂွဲယားနဲ့ အန်ဒရုး ဂါးဖီးဒ်တို့က အောင်အောင်မြင်မြင် ပွဲဦးထွက်ခဲ့တာဖြစ်လို့ တွမ်ဟော်လန်အတွက်လည်း တာဝန်ကြီးခဲ့မှာ အမှန်ပါပဲ။ တကယ်တမ်းထွက်လာချိန်မှာ ဇာတ်ကောင်အရလည်း ဆယ်ကျော်သက်ဆန်ပြီး ပေါ့ပါးပျော်ရွှင်မှုကို မြင်ရသလို အောင်လည်း အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒီရုပ်ရှင်ကို Rotten Tomatoes က Rating 92% ပေးထားပါတယ်။

(၃) Spider-Man 2 (2004)

SpiderMan2

Photo: Cinema76

လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က ထွက်ခဲ့ပေမယ့် တိုဘီ မက်ဂွဲယားရဲ့ Spider-Man ဇာတ်ရုပ်ကို ပထမမျိုးဆက် စပိုက်ဒီချစ်သူတွေ အသည်းစွဲခဲ့တယ်လို့ ဆိုချင်ပါတယ်။ ပုဂ္ဂိုလ်စွဲနဲ့ ပြောမယ်ဆိုရင် တိုဘီဟာ Spider-Man ဇာတ်ရုပ်တွေထဲမှာ လူကြိုက်အများဆုံးနဲ့ အလိုက်ဖက်ဆုံးဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့်လည်း Teenager မဆန်တာရယ် နောက်ပိုင်းသူ့အသက်ရဲ့ အဆင်မပြေတာရယ်ကြောင့် Spider-Man ဇာတ်ရုပ်တွေ ပြောင်းတာက သဘာဝကျတယ်လို့ ဆိုရမှာပါ။ Spider-Man 2 ဟာ Rotten Tomatoes မှာ Rating 93% ရထားပါတယ်။

(၂) Spider-Man: No Way Home (2021)

NO WAY HOME (2021)

Photo: IDG

ဒီဇင်ဘာလလယ်လောက်က ဖြန့်ချိလာခဲ့တဲ့ Spider-Man: No Way Home ကားသစ်ကတော့ ငွေကြေးအရ အအောင်မြင်ဆုံး Spider-Man ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ Spider-Man ဟီးရိုး ပီတာပါကားရဲ့ ပြစ်မှုတွေကို ဖော်ထုတ်လိုက်ပြီး နာမည်အရင်းနဲ့တကွ ကြေညာခံလိုက်ရပြီးနောက် ထွက်ပြေးခဲ့ရာကနေ ဗဟုစကြဝဠာတွေအထိ ရှုပ်ထွေးကုန်တဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ Rotten Tomatoes က ဒီရုပ်ရှင်ကို Rating 93% ပေးထားပါတယ်။

(၁) Spider-Man: Into The Spider-Verse (2018)

Spider-Man Into The Spider-Verse (2018)

Photo: goldchannel

Rotten Tomatoes ကတော့ ထွက်ခဲ့တဲ့ Spider-Man ကားတွေထဲမှာ Rating 97 %နဲ့ အကောင်းဆုံးရုပ်ရှင်အဖြစ် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ အန်နီမေးရှင်းဇာတ်ကောင်တွေနဲ့ ဖန်တီးထားတာ ဖြစ်ပြီး ထူးခြားတာက ပီတာပါကားအပြင် စပိုက်ဒီ ၆ ဦး ပါလာတာပါ။ အဲ့ဒါတွေကတော့ မိုင်းလ်စ်မိုရေးလတ်စ် ၊ ပီတာ ဘီ ပါကား ၊ ပီတာပါကား ၊ စပိုက်ဒါမန်း နွိုင်းယား ၊ ပါနီပါကား ၊ စပိုက်ဒါ ဂွမ်း နဲ့ စပိုက်ဒါဟမ်တို့ပါပဲ။ ဒီရုပ်ရှင်ကိုလည်း ကြည့်ဖြစ်အောင် ကြည့်ကြဖို့ အကြံပေးလိုက်ရပါတယ်။

Featured Photo: Esquire