တရားထိုင်ခြင်းဆိုတာ ရာစုနှစ်ပေါင်းများစွာကတည်းက လူတွေ လုပ်ဆောင်ခဲ့တဲ့ ထူးခြားတဲ့ စိတ်လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ တရားထိုင်ခြင်းကြောင့် ရရှိတဲ့ အကျိုးကျေးဇူးကို ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေဟာ ရရှိခံစားခဲ့ပေမယ့် အခုခေတ်လို သိပ္ပံနည်းကျ ထောက်ခံချက်တွေ မသိခဲ့ကြပါဘူး။
ဒီခေတ်မှာ တရားထိုင်ခြင်းဆိုတာ ဘာသာရေးသက်သက် မဟုတ်တော့ပါဘူး။ တရားထိုင်ခြင်းဟာ သိပ္ပံနည်းကျ အသုံးချစရာ အလေ့အကျင့်တစ်ခုလည်း ဖြစ်လာပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေအရ တရားထိုင်ခြင်းက အခုလို အကျိုးကျေးဇူးတွေ ပေးတယ်လို့ ဆိုပါတယ်။
(၁) ဦးနှောက်ကို နုပျိုစေတယ်
Photo: Freepik
ဟားဗတ်အာရုံကြောသိပ္ပံပညာရှင်တစ်စုဟာ တရားထိုင်ခြင်းကြောင့် ရေရှည်မှာ ဦးနှောက်ပေါ် သက်ရောက်ပုံကို လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအရ အသက် ၅၀ အရွယ် တရားထိုင်သူတေါရဲ့ ဦးနှောက်ဆဲလ်(Grey Matter) တွေဟာ အသက် ၂၅ နှစ်အရွယ် လူငယ်တွေရဲ့ ဆုံးဖြတ်ချက်ချခြင်းနဲ့ မှတ်သားခြင်းအတွက် သုံးကြတဲ့ prefrontal cortex ပိုင်းထဲက Grey Matter တွေနဲ့ ပမာဏချင်းတူနေတယ်လို့ ဆိုပါတယ်။
Grey Matter တွေဟာ အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာတတ်ကြပါတယ်။ ဒီလေ့လာမှုအရ ပုံမှန်တရားထိုင်ခြင်းဟာ အာရုံကြော ပျက်စီးယိုယွင်းမှုနှုန်းကို နှေးကွေးစေတယ်လို့ မှတ်ချက်ချထားပါတယ်။
(၂) နာကျင်မှုကို ၅၇% ပိုသက်သာစေတယ်
Photo: Freepik
တရားအားထုတ်မှုကို ၄ ရက်လောက် လုပ်ထားတဲ့သူတွေဟာ ပျမ်းမျှ လူတွေ ခံစားနေရတဲ့ နာကျင်မှုဒဏ်ရဲ့ ၅၇% သက်သာတယ်လို့ ဆိုပါတယ်။ တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်အာရုံခံစားမှုကို စိတ်ခံစားချက်ရဲ့ တုန့်ပြန်မှုကနေ သီးသန့်ခွဲခြားပေးနိုင်ပါတယ်။
(၃) ကိုယ့်ကိုယ်ကို ပြန်သိစိတ် မြင့်လာမယ်
Photo: freepik
လူတွေဟာ တစ်နေ့တာရဲ့ ၄၇% ကို အတွေးတွေနဲ့ ကုန်ဆုံးစေတယ်လို့ ဆိုပါတယ်။ ဒီအတွေးတွေဟာ အတိတ် နဲ့ အနာဂါတ်အကြား DayDreaming လို့ခေါ်တဲ့ နှိုးဆွမှုနဲ့ လူကို အာရုံပျံ့လွင့်စေပါတယ်။ နောက်တစ်ခုက အဲဒီအတွေးတွေအများစုကလည်း မကောင်းတဲ့ အတွေးအမြင်တွေ ဖြစ်နေတတ်ပါတယ်။
တရားထိုင်သူဟာ ပင်ကိုယ်သိစိတ်မြင့်လာပြီး ပစ္စုပ္ပန်အာရုံကို စောင့်ကြည့်သိရှိနေသူ ဖြစ်လို့ သူ့မှာ လွန်ပြီးတဲ့ အတိတ်နဲ့ မလာသေးတဲ့ အနာဂါတ်အတွက် စိတ်လေလွင့်ခြင်း မဖြစ်ပါဘူး။
ဒါကြောင့်ပဲ အဆိုးမြင်သဘောတွေ အတွေးနည်းပြီး စိတ်ဟာ အေးချမ်း ကြည်လင်ပါတယ်။
တရားထိုင်ခြင်းဟာ ဦးနှောက်ထဲက တွက်ချက်အကဲဖြတ်နေတဲ့ Beta Brainwaves အနေအထားကို နှေးကွေးစေပြီး Thetaလို့ ခေါ်တဲ့ အတွင်းသိမှတ်မှုအာရုံဖမ်းခြင်းနဲ့ Alpha Brainwave လို့ ခေါ်တဲ့ အတွေးတွေငြိမ်းနေတဲ့ ပစ္စုပ္ပန်သိအာရုံကို ဖြစ်ထွန်းလာစေပါတယ်။
(၄) ကိုယ်ခံစွမ်းအား မြင့်လာမယ်
Photo: Freepik
ဘယ်သူမှ ဖျားနာတာမျိုး မလိုချင်ပါဘူး။ ဒါကြောင့်ပဲ လူတွေဟာ လက်ကို မကြာခဏဆေးပြီး ရောဂါပိုးတွေကနေ ကာကွယ်နေတာမလား။ တကယ်က ကိုယ်ခံအားကောင်းမှလည်း အဖျားအနာကင်းပါတယ်။ ကမ္ယာ့ထိပ်တန်း တရားထိုင်မှုလေ့လာရေး သုတေသီတွေကတော့ ၈ ပတ်ကြာ တရားထိုင်သူတွေဟာ အရေးကြီးတဲ့ပဋိဇီဝပစ္စည်း ထုတ်မှု ပိုမြင့်တယ်လို့ ဆိုပါတယ်။
(၅) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်
Photo: Freepik
အိပ်စက်ခြင်းဟာ အချိန်ဖြုန်းတာ မဟုတ်တော့ပါဘူး။ အိပ်ရေးဝဝ အိပ်စက်ခြင်းရဲ့ ကောင်းကျိုးကို ကျွန်တော်တို့ အတော်များများ သိထားပြီး ဖြစ်မှာပါ။ နောက်တစ်ခုက အိပ်ရေးမဝခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာနဲ့ ကုန်ထုတ်လုပ်မှုပါ ထိခိုက်လာနေတဲ့ ကိစ္စဖြစ်ပါတယ်။
အမေရိကန်အလုပ်သမားတွေရဲ့ ၄၀% ဟာ အိပ်ရေးမဝမှုကြောင့် နှစ်စဉ် ၆၃ ဘီလျံကျော် ထုတ်လုပ်မှု နစ်နာဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။ တစ်ချို့လူတွေဟာ အိပ်ပျော်စေဖို့ ကော့တေးလ်တွေ နဲ့ ဆေးဝါးတွေ မှီဝှဲပေမယ့် ကျန်းမာရေးပြဿနာတွေပဲ ကြုံလာနေပါတယ်။
တရားထိုင်သူဟာ အိပ်စက်မှုအရည်အသွေးမြင့်မားပြီး ပင်ပန်းမှုလည်း လျော့နည်းလာတယ်လို့ဆိုပါတယ်။ ဒါကြောင့်ပဲ ဒီနေ့ခေတ်မှာ လူတွေဟာ စိတ်နှလုံး ငြိမ်းအေးဖို့နဲ့ ညဘက်တွေမှာနှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့အတွက် တရားထိုင်ခြင်းကို ဆေးတစ်လက်လို သုံးလာနေတာ ဖြစ်ပါတယ်။