စပိန်ကွင်းလယ်ကစားသမား ဟာရဲရားကတော့ မန်ယူအသင်းနဲ့ လက်တွဲဖြုတ်ရန် သေချာသွားခဲ့ပြီလို့ သိရပါတယ်။ အသက် (၂၉) အရွယ် ကစားသမား ဟာရဲရားကတော့ မန်ယူအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ယခုနှစ်ဘောလုံးရာသီအကုန်မှာ မန်ယူအသင်းကနေ ထွက်ခွာမှာ ဖြစ်ကြောင်း လူမှုကွန်ယက်ကနေ တစ်ဆင့် အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပေမယ့် သဘောတူညီမှုမရရှိခဲ့တာကြောင့် ယခုနှစ်ရာသီကုန်မှာတော့ အသင်းက ထွက်ခွာမှာဖြစ်ကြောင်း မန်ယူအသင်းတာဝန်ရှိသူတွေက အတည်ပြုကြေညာခဲ့ပါတယ်။

Source : Sporting Life

ကစားသမား ဟာရဲရားဟာ လက်ရှိမန်ယူအသင်းမှာ တစ်ပတ်ပေါင် ၁ သိန်း ၃ သောင်းခန့်ရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး နောက်နှစ်စာချုပ်သက်တမ်းကိုတော့ ပေါင် (၂) သိန်းခန့် တိုးမြှင့်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း မန်ယူအသင်း အမှုဆောင်ချုပ်ဖြစ်သူ အဒ်ဝုဒ်က အဆိုပါ တိုးမြင့်တောင်းဆိုခဲ့တဲ့ လစာပမာဏကို ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဟာရဲရားဟာ ၂၀၁၄ ခုနှစ်က ဘီလ်ဘာအိုအသင်းမှ ပြောင်းရွှေ့လာခဲ့ပြီး မန်ယူအသင်းနဲ့လက်တွဲလာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ကာ အသင်းနဲ့အတူ အက်ဖ်အေဖလား ၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလား တစ်ကြိမ်စီ ခွတ်ခူးရယူနိုင်ခဲ့တဲ့ အောင်မြင်မှု မှတ်တမ်းတွေရှိနေခဲ့တာဖြစ်ပါတယ်။

Source : AS English – Diario AS

လက်ရှိအပြောင်းအရွေ့ကာလမှာတော့ ကစားသမား ဟာရဲရားကို ပီအက်စ်ဂျီ အသင်းက ခေါ်ယူဖို့ မျက်စိကျနေခဲ့တာဖြစ်ပါတယ်။ ဟာရဲရားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပီအက်စ်ဂျီ အသင်းအနေနဲ့ တစ်ပတ်လစာ ပေါင် ၁ သိန်း ၆ သောင်းနဲ့ ပီအက်စ်ဂျီ အသင်းကို ခေါ်ယူကမ်းလှမ်းဖို့ရှိနေတယ်လို့ သတင်းများ ထွက်ပေါ်လျက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဟာရဲရားကတော့ မန်ယူအသင်းမှာ ပွဲပေါင်း ၂၀၀ နီးပါးကစားခဲ့ပြီး သွင်းဂိုး စုစုပေါင်း (၂၀) ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။

Source : setanmerah.net