ကမ္ဘာပေါ်က အကြီးဆုံး မိုဘိုင်းထုတ်ကုန်ပြပွဲကြီးတစ်ခု ဖြစ်တဲ့ Mobile World Congress (MWC) ပွဲ ကျင်းပမှုနဲ့အတူ တစ်နှစ်တာအတွက် အာရုံစိုက်စရာ အမိုက်စား စမတ်ဖုန်းသစ်တွေလည်း မြင်လာရပြီ ဖြစ်ပါတယ်။ တစ်နှစ်တာ ရဲ့ Trend ဖြစ်လာမယ့် စမတ်ဖုန်း သစ် တွေကို ဒီနှစ် MWC 2022 မှာ ကြေညာသွားခဲ့ပြီး နောက်လည်း အသစ်တွေ ထပ် မြင်တွေ့ရဖို့ ရှိပါတယ်။

ဖုန်းလောကမှာ Android နဲ့ iOS ဆိုပြီး နှစ်မျိုး ရှိရာမှာ iOS စနစ်သုံး Apple ထုတ် iPhone တွေကတော့ သီးသန့် ရပ်တည်နေပြီး Android လောကမှာ များပြားလှတဲ့ စမတ်ဖုန်း အမှတ်တံဆိပ်တွေ နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ထုတ်ကုန်သစ် ၊ နည်းပညာသစ်တွေ ယှဉ်ပြိုင်နေကြတာ အားလုံးပဲ အသိ ဖြစ်မှာပါ။ ဒီတစ်ခေါက်မှာတော့ Android  စနစ်သုံး စမတ်ဖုန်း တွေထဲကမှ မတ်လထဲမှာ အသစ် ထွက်ရှိလာတဲ့ စိတ်ဝင်စားစရာ မော်ဒယ်တချို့အကြောင်း မျှဝေတင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

(၁) Honor Magic 4 Pro

Honor Magic 4

Photo : pocket-lint

Huawei နဲ့ မသက်ဆိုင်တော့တဲ့ ကိုယ်ပိုင် စမတ်ဖုန်း အမှတ်တံဆိပ်အဖြစ် ပိုင်ရှင်ပြောင်း ရပ်တည်လာပြီးနောက် Honor ဟာ စမတ်ဖုန်းလောကကို ကိုင်လှုပ်နိုင်မယ့် ထုတ်ကုန်သစ်တွေ ထုတ်လုပ်ရေးကို အာရုံ စိုက်လာပါတယ်။ ရည်မှန်းချက် ကြီးလှတဲ့ Honor ဟာ ပရီမီယံတန်းဝင် High-End ဖုန်းဈေးကွက်ကို ချိန်ရွယ်လာတဲ့ တရုတ်ဖုန်း Brands တွေထဲက တစ်ခု ဆိုလည်း မမှားပါဘူး။

ဒီတစ်ခေါက် MWC 2022 မှာဆို Honor က ကုမ္ပဏီရဲ့ ၂၀၂၂ ခုနှစ်အတွက် Flagship မော်ဒယ်သစ်အဖြစ် Honor Magic 4 စီးရီးကို ကြေညာသွားတာ တွေ့ရပါတယ်။ Honor Magic 4 နဲ့ 4 Pro မှာ အတော်များများ Features တူပေမယ့် Pro မော်ဒယ်ကတော့ တကယ့်ကို ပရိုပါပဲလို့ ပြောရမှာ ဖြစ်ပါတယ်။

Magic 4 Pro ဟာ ဘယ်အပေါ်ထောင့် ဆေးတောင့်ပုံ Pill-Shaped Punch Hole ကင်မရာ ပေါက်နဲ့ လာပြီး ကျောဘက်မှာ ထူးခြားကွဲပြားတဲ့ ဧရာမ စက်ဝိုင်းပုံ ကင်မရာ Cutout ကြီး သုံးထားပါတယ်။ မှန်လေးဘက်အခုံးဒီဇိုင်း ဧရာမ ၆.၈၁ လက်မ 1312 x 2848px ရုပ်ထွက်ပါ OLED Display ၊ 120Hz Adaptive Refresh Rate ၊ 1920Hz PWM Dimming ၊ 12MP + 3D Depth Sensor ရှေ့ ဆယ်လ်ဖီကင်မရာ ၊ Snapdragon 8 Gen 1 ၊ Bluetooth 5.2 ၊ WiFi 6 နဲ့ NFC Support အပြင် Galaxy S22 Ultra လိုမျိုး ဒုတိယမျိုးဆက် Ultrasonic Fingerprint Sensor တစ်ခုလည်း ပါရှိမှာပါ။

4600mAh ဘက်ထရီမှာ အံ့ဩစရာကောင်းတာက 100W Wired & Wireless Charging တို့ ပါရှိတာပဲ ဖြစ်ပါတယ်။ ကျောဘက် စက်ဝိုင်းပုံကင်မရာအိမ်ထဲမှာ 50MP Main Sensor ၊ 50MP Ultrawide Lens ၊ 100x Digital Zoom ဆွဲနိုင်မယ့် 64MP Periscope Lens ၊ ToF နဲ့ Flicker Sensor တို့ ပါဝင်ပါတယ်။ IP68 Rating ရေစိုခံမှု ပါတဲ့ ဒီဖုန်းကို စိမ်းပြာ ၊ ရွှေရောင် ၊ အနက်ရောင် ၊ အဖြူရောင် နဲ့ လိမ္မော် Vegan လယ်သာသားရေကာလာတွေနဲ့ ထွက်ထားပြီး 8/256GB ဗားရှင်းကို ယူရို ၁၁၀၀ (မြန်မာငွေ ၂၂ သိန်း ကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

(၂) POCO X4 Pro 5G

poco x4 pro 5g

Photo : Xiaomi

အလတ်တန်းစားထဲက အမိုက်စားဖုန်းတွေအကြောင်း ပြောရင် Poco X4 Pro 5G ဖုန်းလည်း ပါဝင်မှာပါ။ Poco X4 Pro လည်း MWC 2022 ပွဲမှာပဲ ကြေညာသွားတာ ဖြစ်ပါတယ်။ ဒီဖုန်းကတော့ Budget Lineup ဖုန်းတွေ အထုတ်များတဲ့ Poco ကနေ ယူရို ၃၀၀ ဈေးနဲ့ မိတ်ဆက်လိုက်တဲ့ Flagship ဆန်တဲ့ စမတ်ဖုန်း တစ်လုံးလို့ ဆိုနိုင်ပါတယ်။

Poco X4 Pro 5G မှာ အထူးခြားဆုံး Features နှစ်ခုက 108MP Min Sensor နဲ့ 120Hz AMOLED Panel တို့ သုံးလာတာပဲ ဖြစ်ပါတယ်။ iPhone 12 စတိုင် လေးထောင့်စပ်စပ် Square Edge ဘောင်နဲ့ ကျောဘက် ဧရာမအလျားလိုက်အပြည့် ကင်မရာအိမ်ကြီး ပါလာပြီး ရှေ့ဘက် Display အပေါ် အလယ်တည့်တည့်မှာ Punch-Hole ကင်မရာပေါက် သုံးထားပါတယ်။

Poco X4 Pro 5G ရဲ့ Features တွေ အနေနဲ့ ၆.၆၇ လက်မ AMOLED Display ၊ 120Hz Refresh Rate ၊ 360Hz Touch Sampling Rate နဲ့ 16MP Selfie ကင်မရာတို့ ပါရှိပါတယ်။ ကျောဘက် ကင်မရာအိမ်ထဲမှာ အကြီးစား 108MP Main Sensor နဲ့အတူ 8MP Ultra-Wide Lens နဲ့ 2MP Micro Lens တို့ ထည့်သွင်းထားပြီး 5000mAh ဘက်ထရီ 67W Fast Charging စနစ်တို့ ပံ့ပိုးထားပါတယ်။

Poco X4 Pro ဟာ Snapdragon 695 5G Processor နဲ့ လာပြီး အနက် ၊ အပြာ ၊ အဝါ သုံးရောင်နဲ့ ထွက်ထားပါတယ်။ 6/128GB ဗားရှင်းကို ယူရို ၃၀၀ ဖြစ်လို့ လက်ရှိ မြန်မာငွေ ပေါက်ဈေးနဲ့ဆို ပျမ်းမျှ ၆ သိန်းနဲ့အထက် ရှိမှာ ဖြစ်ပါတယ်။

(၃) Motorola Edge Plus (2022)

Motorola Edge Plus (2022)

Photo : xda-developers

Motorola ရဲ့ Flagship ဖုန်းသစ်ကတော့ တန်ဖိုးကြီး မော်ဒယ်ရဲ့ ထုံးစံ ဒေါ်လာ ၁၀၀၀ (မြန်မာငွေ ၁၈ သိန်းလောက်) ကနေ စတင် ရောင်းချသွားမယ့် မော်ဒယ်အဖြစ် မိတ်ဆက်လာတာပါ။ Motorola Edge Plus (2022) ဟာ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ Moto Edge ရဲ့ အဆက် ဖြစ်ပါတယ်။ ဒီတစ်ခေါက်က ၂၀၂၂ ခုနှစ် မော်ဒယ်ဖြစ်လို့ Flagship ဖုန်းတစ်လုံးပီပီ Snapdragon 8 Gen 1 SoC နဲ့ လာပါတယ်။

Motorola Edge Plus (2022) ကို ၆.၇ လက်မ Screen Size OLED Screen နဲ့ ထွက်လာပြီး 144Hz Refresh Rate သုံးထားပါတယ်။ နောက်ထပ် ထူးခြားချက်က ဒီဖုန်းဟာလည်း Stylus Pen Support ပေးလာတာပဲ ဖြစ်ပါတယ်။ Stylus ကတော့ သက်သက် ဝယ်ရမှာ ဖြစ်ပါတယ်။ Bluetooth ချိတ်ဆက်မှု ပါတဲ့ Pen ဖြစ်လို့ Presentation တွေအတွက် Remote Control အဖြစ်လည်း သုံးနိုင်သလို ဖုန်းကင်မရာအတွက်လည်း Shutter တစ်ခုလို အလုပ်လုပ်နိုင်ပါတယ်။

ကျောဘက် ထောင်လိုက်ကင်မရာအိမ်ထဲမှာ 50MP Main Sensor ၊ 50MP Ultrawide Sensor နဲ့ 2MP Depth Sensor ဆိုပြီး ကင်မရာ ၃ လုံး ပါဝင်ပါတယ်။ ရှေ့ဘက် Punch-Hole ကင်မရာပေါက်ထဲမှာ 60MP Sensor ထည့်ထားပြီး အဖွဲ့လိုက် ဆယ်လ်ဖီဆွဲရာမှာ ပြုံးမှ ဓါတ်ပုံရိုက်ပေးမယ့် Auto Smile Capture Feature နဲ့ ထွက်လာပါတယ်။ ဘေးဘောင်လက်ဗွေဖတ် စနစ် ၊ ဘက်ထရီပါဝါ 4800 mAh ၊ 68W Fast Charging ပံ့ပိုးမှု နဲ့ Android 12 အခြေခံ My UX Interface တို့လည်း ပါရှိပြီး Cosmos Blue နဲ့ Stardust White နှစ်ရောင်နဲ့ လာပါတယ်။

ဒီဖုန်းတွေ အပြင် MWC 2022 မှာ မိတ်ဆက်သွားတဲ့ Android စမတ်ဖုန်း တွေထဲမှာ စိတ်ဝင်စားစရာ ဖုန်းမော်ဒယ်သစ်တွေအနေနဲ့ TCL က ထုတ်တဲ့ TCL 30 Series မော်ဒယ်ဖုန်းသစ်တွေ ၊ Nokia C21/C21 Plus နဲ့ C2 2nd Edition ၊ တရုတ်မှာ မိတ်ဆက်ပြီး ဖြစ်တဲ့ OnePlus 10 Pro ၊ Realme GT 2 / GT 2 Pro နဲ့ OPPO Find X5 Pro တို့လည်း ထည့်ပြောရမှာ ဖြစ်ပါတယ်။

Featured Photo : gizchina