အန်တိုနီယို ကွန်တီဟာ လာမယ့် ၄၈ နာရီအတွင်း အင်တာမီလန်အသင်းကို စွန့်ခွာလိမ့်မယ်လို့ အီတလီက သတင်းတွေအရ သိရပါတယ်။
ကွန်တီဟာ အေစီမီလန်အသင်းကို ၂၀၁၀ နောက်ပိုင်း ဝေးကွာနေတဲ့ စီးရီးအေဖလားကို ၁၂ မှတ်အပြတ်နဲ့ ရရှိအောင် နည်းပြပေးနိုင်ခဲ့သူဖြစ်ပေမယ့် အသင်းဥက္ကဌ စတီဗင်ကျောင်းနဲ့ ပိုင်ရှင်တွေဖြစ်တဲ့ ဆန်းနင်းက ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားတွေ ရောင်းထုတ်ပြီး ယူရိုသန်း ၁၀၀ ရှာဖွေပြီး လစာပမာဏ ၂၀ ရာခိုင်နှုန်း လျှော့ချရမယ်လို့ အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
Photo: Metro
La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ကွန်တီဟာ ပြီးခဲ့တဲ့အပတ်က ၎င်းရဲ့ ဆုံးဖြတ်ချက်ကို အသိပေးခဲ့ပြီး အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ အစည်းအဝေးမှာ အသင်းရဲ့ ဦးတည်ချက်အသစ်အတွက် မနှစ်မြို့မှုကို ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ကွန်တီဟာ ယခုအပတ်မှာ ၎င်းရဲ့စာချုပ် ဖျက်သိမ်းဖို့ စီစဉ်စရာရှိတာ စီစဉ်နိုင်ဖို့အတွက် ဥက္ကဌ ကျောင်းနဲ့ တွေ့ဆုံဖို့ ရှိနေပြီး စာချုပ်ဖျက်သိမ်းကြေးက ယူရို ၆ သန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
ကွန်တီက အသင်းလူစာရင်း တိုးတက်လာဖို့အတွက် အင်တာမီလန်အသင်းအနေနဲ့ ဆက်လက်ပြီး ငွေကြေးသုံးစွဲဖို့ လိုအပ်တယ်ဆိုတဲ့ ယုံကြည်ချက်ကို အခိုင်အမာဆုပ်ကိုင်ထားခဲ့တာဖြစ်ပြီး ဆန်စီရိုက အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခြင်း ခံခဲ့ရတဲ့အချိန်မှာ ဝေ့လည်ကြောင်ပတ် ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo: Metro
ယခုလအစောပိုင်းက အင်တာမီလန်မှာ ဆက်နေမလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ကွန်တီက “အခုအချိန်ကိုပဲ ပျော်ပျော်နေကြရအောင်။ ဥက္ကဌ၊ ဒါရိုက်တာတွေနဲ့ အင်တာအတွက် အကောင်းဆုံးလမ်းကြောင်း ရွေးချယ်ဖို့ အတူတူ စကားပြောဖို့ အချိန်တွေ ရှိလာဦးမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
အင်တာမီလန်အသင်းဟာ လက်ရှိမှာတော့ ကွန်တီနေရာမှာ အစားထိုးခန့်အပ်နိုင်ဖွယ်ရှိတဲ့ နည်းပြတွေကို ရှာဖွေနေပြီး ပြီးခဲ့တဲ့နှစ်က တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ အယ်လီဂရီဘက်ကို လှည့်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

