ချယ်ဆီးနောက်ခံကစားသမား အန်တိုနီယိုရူဒီဂါက တီမိုဝါနာကို ချယ်ဆီးအသင်း စတန်းဖို့ဒ်ဘရစ်ဂျ်ကို ခေါ်ယူချင်လာအောင် အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီးနောက် ဝါနာသာ အသင်းမှာ ခြေစွမ်းမပြသနိုင်ဘူးဆိုရင် ဒုက္ခအကြီးကြီးရောက်ပြီလို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လိုက်ပ်ဇစ်ကြယ်ပွင့်တိုက်စစ်မှူး တီမိုဝါနာဟာ ဒေါ့မွန်နည်းပြဟောင်း ယာဂင်ကလော့ပ်ရှိတဲ့ လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားခဲ့ပုံပေါ်ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့အချိန်မှာ အသင်းတွေရဲ့ဘဏ္ဍာရေးအခြေအနေ မရေရာမှုတွေ ရှိလာတာကြောင့် လီဗာပူးအသင်းဟာ နွေရာသီပစ်မှတ်ကို လက်လျှော့သွားခဲ့တာဖြစ်ပါတယ်။

Photo: Metro

လီဗာပူးအသင်းက တီမိုဝါနာကို ခေါ်ယူမယ့်ပြိုင်ပွဲကနေ နောက်ဆုတ်သွားတာက ချယ်ဆီးအသင်းအတွက် ၎င်းတို့ရဲ့ထိပ်တန်းပစ်မှတ်ကို ခေါ်ယူဖို့ လမ်းပွင့်သွားစေခဲ့ပြီး နည်းပြဖရန့်လမ်းပတ်ဟာ ယခုလအစောပိုင်းမှာ ဝါနာကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ချယ်ဆီးအသင်းက တရားဝင်မကြေညာမီမှာ ဂျာမနီတိုက်စစ်မှူးနဲ့ နေ့စဉ်အဆက်အသွယ်ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

တီမိုဝါနာနဲ့ စတုဂတ်အသင်းမှာရော ဂျာမနီလက်ရွေးစင်အသင်းမှာပါ အတူတူတွဲကစားခဲ့တဲ့ ချယ်ဆီးနောက်ခံကစားသမား ရူဒီဂါကလည်း တီမိုဝါနာရဲ့ ပေါင် ၅၃ သန်းတန် အပြောင်းအရွှေ့မတိုင်မီကတည်းက လက်ရွေးစင်အသင်းဖော်နဲ့ပတ်သက်ပြီး ပုံမှန်ပြောဆိုမှုတွေရှိခဲ့တာဖြစ်ပါတယ်။

Source : Premier League

“ချယ်ဆီးက ကျွန်တော့်ကို အကဲဖြတ်မှု ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ကျွန်တော် တီမိုကို ဟိုးအရင်ကတည်းက သိခဲ့တာပါ။ သူ့ကိုရဖို့ ဖြစ်နိုင်သမျှ အားလုံးလုပ်ဖို့ ကျွန်တော် ရှင်းရှင်းပဲ ထောက်ခံချက်ပေးခဲ့ပါတယ်။ နောက်ရာသီကနေစပြီး သူ အသင်းကို နေရာတစ်နေရာကို ပို့ဆောင်ပေးရပါလိမ့်မယ်။ အဲဒီလိုမှမဟုတ်ရင် ကျွန်တော်တော့ အသင်းနဲ့ ပြဿနာတက်ပါလိမ့်မယ်”လို့ ဟာသဖောက်ပြီး ပြောကြားသွားခဲ့ပါတယ်။