ဟောလီဝုဒ်ဂန္ဓဝင် အက်ရှင်မင်းသားကြီး ဘရုစ်ဝီလီ ဟာ Aphasia လို့ခေါ်တဲ့ ဆက်ဆံရေးပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေခံစားရတဲ့ ရောဂါလက္ခဏာတစ်မျိုးကြောင့် ရုပ်ရှင်သရုပ်ဆောင်လောကထဲကနေ ထွက်ခွာတော့မယ်လို့ ဆိုပါတယ်။
လေးနှစ်အတွင်း ရုပ်ရှင်ကားပေါင်း ၂၂ ကား သရုပ်ဆောင်ခဲ့တဲ့ အသက် ၆၇ နှစ်အရွယ် မင်းသားကြီးဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ရောဂါကြောင့် ဆက်သွယ်ရေးပိုင်း ထိခိုက်လာနေတယ်လို့ ဘရုစ်ဝီလီနဲ့ နီးစပ်သူ လူနှစ်ဆယ်ကျော်က ပြောပါတယ်။ ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့မှာတော့ ဝီလီရဲ့ မိသားစုတွေက ဘရုစ်ဝီလီမှာ Aphasia ဝေဒနာခံစားနေရပြီလို့ သမီးဖြစ်သူ ရမ်မာ ဝီလီရဲ့ Instagram ကနေ တစ်ဆင့် အသိပေးခဲ့ပါတယ်။
Photo: news7h
“ဘရုစ်ရဲ့ အံ့ဩရလောက်တဲ့ ထောက်ခံသူတွေအတွက်ပါ။ မိသားစုတစ်ခုအနေနဲ့ ကျွန်မတို့ ချစ်ရတဲ့ ဘရုစ်မှာ ကျန်းမာရေးပြဿနာတချို့ ရှိပါတယ်။ Aphasia လို့ခေါ်တဲ့ သူ့ရဲ့ ဆက်သွယ်သိနားလည်မှုအရည်အသွေးကို ထိခိုက်လာတဲ့ ဝေဒနာ ဖြစ်ပါတယ်။ ဒါကြောင့် အဘက်ဘက်က ထည့်သွင်းစဉ်းစားပြီး ဘရုစ်ကို သရုပ်ဆောင်အလုပ်ကနေ ထွက်ဖို့ ဖြစ်လာပါတယ်။ ” လို့ ပို့စ်မှာ ပြောထားပါတယ်။
Emmy Award ဆုရှင် မင်းသားကြီးဟာ အော်စကာမရခဲ့ပေမယ့် Golden Globe Award နဲ့ People’s Choice Awards တို့ ချီးမြှင့်ခံရသူ ဖြစ်ပြီး Die Hard ၊ Pulp Fiction နဲ့ The Sixth Sense တို့လို ရုပ်ရှင်တွေနဲ့ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်ကျော်ကြားခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေက ရုပ်ရှင်သရုပ်ဆောင်လောကထဲ စတင် ဝင်ရောက်လာခဲ့တဲ့သူ့ကို Die Hard အက်ရှင်ကားထဲက ဇာတ်ကောင်နာမည် ရဲစုံထောက် ဂျွန်မက္ကလိန်းနဲ့လည်း လူသိများကြပါတယ်။
သရုပ်ဆောင်သက်တမ်း နှစ် ၄၀ အတွင်းမှာ သူ့ရုပ်ရှင်တွေဟာ စုစုပေါင်း ဒေါ်လာ ၅ ဘီလျံကျော် ဝင်ခဲ့ပြီး သူ့ရုပ်ရှင်တွေကိုလည်း အက်ရှင်ချစ်သူတွေ အသည်းစွဲကြိုက်ခဲ့ကြပါတယ်။ မင်းသားကြီးမှာ Aphasia ဝင်ကြောင်း သိရပြီးနောက် သရုပ်ဆာင်အညံ့ဆုံး မင်းသားမင်းသမီးတွေကို ဆုပေးတဲ့ Razzie Awards (The Golden Raspberry Awards) ကလည်း ဘရုစ်ဝီလ်ကို ၂၀၂၁ ရဲ့ အညံ့ဆုံးသရုပ်ဆောင်ဆု သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့သလို လွန်ခဲ့တဲ့ ၄၂ နှစ်က The Shining ကားနဲ့ ပထမဆုံး Razzie Awards စာရင်းသွင်းခံရတဲ့ မင်းသမီးကြီး ရှယ်လီ ဒူးဗောကိုပါ ဆန်ကာတင်ကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။
Photo: postsus
မင်းသားကြီး ဘရုစ်ဝီလီရဲ့ ရောဂါအခြေအနေနဲ့ သရုပ်ဆောင်လောကထဲကနေ နားတော့မယ့်သတင်း ထွက်လာပြီးနောက်မှာ Pulp Fiction နဲ့ Look Who’s Talking တို့မှာ ဘရုစ်နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဂျွန်ထရာဗိုလ်တာကလည်း သူ့မိတ်ဆွေအတွက် စာနာနှစ်သိမ့်တဲ့ မက်ဆေ့တင်ခဲ့သလို The Sixth Sense ဒါရိုက်တာ အမ် နိုက် ရှယာမယ်လန် နဲ့ တခြားမိတ်ဆွေတွေကလည်း Support Message တွေ လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။
ဘရုစ်ဝီလီ ကတော့ အက်ရှင်ရုပ်ရှင်လောကရဲ့ ကျော်ကြားလှတဲ့ ဂန္ဓဝင်သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ချစ်ပရိသတ်တွေ ရင်ထဲမှာ ဆက်ပြီး ရှင်သန်နေဦးမှာပါ။
Featured Photo: vanityfair