ကမ္ဘာကျော်ရက်ပါ ကင်ညေးဝက်စ် ရဲ့ အခွေသစ် Donda 2 ကို Apple Music မှာ လွှင့်တင်မှုလုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ Ye လို့လည်း ခေါ်တဲ့ ကင်ညေးဝက်စ်က Instagram ကနေ Donda 2 နဲ့ ပတ်သက်ပြီး ကြေညာရာမှာ ကိုယ်ပိုင်ပလက်ဖောင်းကနေပဲ ရောင်းချသွားမယ်လို့ ပြောသွားပါတယ်။
“Donda 2 ကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပလက်ဖောင်း Stem Player မှာပဲ ဝယ်ယူနိုင်မှာပါ။ Apple ၊ Amazon ၊ Spotify ၊ YouTube ဘယ်မှာမှ တင်သွားမှာ မဟုတ်ပါဘူး” လို့ ရေးထားပါတယ်။
Photo: Business Insider
ဒီအယ်လ်ဘမ်က ဖေဖော်ဝါရီ ၂၂ ရက် အင်္ဂါနေ့မှာ ဖြန့်ချိထားတာပါ။ ဝက်စ်အနေနဲ့ Apple Music ရဲ့ ဒေါ်လာသန်း ၁၀၀ တန် ကမ်းလှမ်းမှုကို ပယ်ချထားတဲ့အကြောင်းပါ Instagram ကနေ ပရိသတ်တွေကို အသိပေးထားပါတယ်။ Apple Music နဲ့ စပွန်ဆာသဘောတူညီမှုကို ငြင်းပယ်လိုက်ရတဲ့ အကြောင်းရင်းက အနုပညာကြေးအရနည်းလို့ ဖြစ်တယ် ဆိုပြီး နောက်ထပ် ပို့စ်တစ်ခုမှာ ဝက်စ်က ပြောထားပါတယ်။
“ဒီနေ့ခေတ် အနုပညာရှင်တွေက Industry တွေ ရတဲ့ငွေရဲ့ ၁၂% ပဲ ရှိပါတယ်။ ဒီလို နှိမ်ထားတဲ့စနစ်ကနေ ဂီတကို လွတ်လပ်ခွင့်ပေးရမယ့်အချိန်ပါ။ အခုချိန်က ကိုယ့်ဘာသာ ထိန်းချုပ်မှုယူပြီး တည်ဆောက်ရမယ့်အချိန်ပါ။ ဒါကြောင့် အခွေသစ်ဝယ်ချင်ရင် Stemplayer ကို လာခဲ့ပါ” လို့ ရေးထားပါတယ်။
Stem Player မှာ စက်အပါ Donda 2 တစ်ခွေကို ဒေါ်လာ ၂၀၀ နှုန်းနဲ့ ရောင်းနေပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖြန့်ချိခဲ့တဲ့ စက်ဝိုင်းပုံစံ သီချင်းနားထောင်တဲ့ Stem Play စက်ကိုလည်း stemplayer.com ဝက်ဘ်ဆိုက်မှာပဲ ဝယ်နိုင်မယ်လို့ ဆိုပါတယ်။ ဒီစက်ဟာ Vocal သံ ၊ ဒရမ် နဲ့ ဘေ့စ်သံတွေကို ထိန်းချုပ်နိုင်သလို ကိုယ့်ဘာသာ Effects ထည့်တာ ၊ သီချင်း Track Parts ကနေ ခွဲထုတ်တာမျိုးလည်း လုပ်နိုင်မှာပါ။
Photo: The Verge
“Stem Player မှာက သီချင်းကို Vocal ၊ ဒရမ် ၊ ဘေ့စ်နဲ့ Music ဆိုပြီး လေးပိုင်းနှုန်းနဲ့ နားထောင်နိုင်ပါတယ်။ Mp3 Player လည်း ပါပါတယ်။ လောလောဆယ် စက်အလုံးရေ ၆၇၀၀၀ ရှိထားပြီး တစ်ရက်ကို ၃၀၀၀ နှုန်း ထုတ်လုပ်နေပါတယ်။”လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူ ဒွန်ဒါဝက်စ်ကို အကြောင်းပြုပြီး ထွက်လာတဲ့ ကင်ညေးဝက်စ်ရဲ့ နောက်ဆုံးထွက် Donda အယ်လ်ဘမ်မှာ Security ၊ Lift Me Up ၊ Get Lost ၊ Pablo ၊ True Love ၊ Keep It Burnin ၊ Broken Road စတဲ့ သီချင်းအပုဒ်ရေ ၂၀ ကျော် ပါဝင်ပြီး လက်ရှိမှာ ၂၄ နာရီအတွင်း ၂ သန်းကျော်ဖိုးရောင်းချထားတယ်လို့ ဆိုပါတယ်။
Featured Photo: hiphopdx