iPhone နဲ့ ကမ္ဘာကျော်တဲ့ အမေရိကန်နည်းပညာကုမ္ပဏီ Apple ဟာ ယာဉ်မောင်းမလိုတဲ့ မောင်းသူမဲ့ကားထုတ်လုပ်ဖို့ ပြင်နေပါတယ်။ တကယ်တော့ ဒီသတင်းက အဆန်းမဟုတ်ပါဘူး။

Apple ဟာ ၂၀၁၄ ခုနှစ်မှာ Project Titan ဆိုပြီး လျှို့ဝှက်ပရောဂျက်တစ်ခု လုပ်နေပါတယ်။ အဲ့ဒီပရောဂျက်ဟာ ကုမ္ပဏီရဲ့ ကူပါတီနိုရုံးချုပ်တွေအနီး လျှို့ဝှက်နေရာတစ်ခုမှာ ယာဉ်ပိုင်းကျွမ်းကျင်ပညာရှင်နဲ့ အင်ဂျင်နီယာပေါင်း ၁၀၀၀ လောက်နဲ့ လျှပ်စစ်ကားထုတ်တဲ့ ပရောဂျက်ဖြစ်ပါတယ်။ အများကတော့ ဒါကို လွယ်လွယ်ပဲ Apple Car ပရောဂျက်လို့ ခေါ်ကြပါတယ်။

Apple Autonomous Car

Photo: wired

အခုထက်ထိ Apple ဘက်က Project Titan အကြောင်း လူသိရှင်ကြား ချပြတာတွေ မရှိသေးပေမယ့် ကုမ္ပဏီအတွင်းရေးတွေ ပါတဲ့ အထောက်အထားတွေ ပေါက်ကြားခဲ့ရာမှာ Apple Car စီမံကိန်းက ၂၀၂၀ နဲ့ နောက်ပိုင်းမှာ အသက်ဝင်‌တော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ၂၀၁၆ မှာ ပျံ့ခဲ့တဲ့ ဒီသတင်းထဲက အချိန်အတိုင်းအတာဟာ နောက်ဆုတ်သွားခဲ့ပေမယ့် ကားထုတ်လုပ်ရေးလမ်းကြောင်းပေါ်တော့ ရောက်နေပြီလို့ ယူဆရပါတယ်။

အခုဆို Apple ဟာ အပြည့်အဝ အလိုအလျောက်မောင်းနိုင်မယ့် Self-Driving ကားတွေ ထုတ်လုပ်နေပြီလို့ တောင် သတင်းတွေ ထွက်လာနေပါတယ်။ Fully Autonomous ယာဉ်ဖြစ်လို့ လူကိုယ်တိုင် ကားမောင်းစရာမလိုဘဲ လူရဲ့ စေခိုင်းချက်အတိုင်း သူ့အလိုအလျောက် မောင်းနှင်သွားမှာ ဖြစ်ပါတယ်။ Apple Car ရဲ့ နမူနာ Render ပုံမှာဆို ဘရိတ်နင်းတဲ့ Pedals နဲ့ စတီယာရင်တောင် ထည့်မထားတာ တွေ့ရပါတယ်။

Apple ရဲ့ AI နဲ့ Machine Learning အရာရှိချုပ် ဂျွန် ဂီယာနန်ဒရီးယားက Apple Car ပရောဂျက်ကို ဦးဆောင်နေပြီး Apple Watch ဖွံ့ဖြိုးမှုလုပ်ဆောင်ခဲ့သူ ကက်ဗင်လင့်းချ်လည်း ကားပရောဂျက်ထဲ ပါဝင်လာပါတယ်။ Apple Car အတွက် ကုမ္ပဏီကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ စွမ်းရည်မြင့် Chips တစ်ခု ပါရှိပြီး ဒါဟာ Apple က ထုတ်ခဲ့ဖူးသမျှ Component တွေထဲမှာ အဆင့်အမြင့်ဆုံးလို့ ဆိုပါတယ်။

Apple Car

Photo: 9to5 Mac

ဒီ Chips တွေဟာ မောင်းသူမဲ့ယာဉ်တွေအတွက် လိုအပ်တဲ့ AI လုပ်ဆောင်ချက်တွေကို ထိန်းချုပ်စီမံနိုင်တဲ့ Neural Processor ကနေ ထုတ်ထားပြီး Apple Supplier တစ်ဦးဖြစ်တဲ့ TSMC က တာဝန်ယူထုတ်ပေးဖို့ ရှိပါတယ်။ TSMC ဟာ iPhone ၊ iPad နဲ့ Mac အတွက် chips တွေ ထုတ်ပေးနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ Apple Car ဟာ ကုမ္ပဏီရဲ့ နောက်ထပ် ထိပ်တန်းထုတ်ကုန်ဖြစ်လာပြီး ကားဈေးကွက်ထဲက ပြိုင်ဘက်တွေထက် အပြတ်သာတဲ့ Hardware ၊ Software နဲ့ Services တွေ ပေါင်းစည်းထားတာ မြင်ရမယ်လို့ ဆိုပါတယ်။ ဈေးလည်း အလွန်ပဲ မြင့်မားဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ထွက်ထားတဲ့ သတင်းအရဆို Apple ဟာ လာမယ့် ၂၀၂၅ ခုနှစ်မှာ မောင်းသူမဲ့ကားတွေ ထုတ်လုပ်ဖြန့်ချိမှု စတင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီသတင်းမှန်ရင်တော့ နောက် ၄-၅ နှစ်အတွင်းမှာ Apple ရဲ့ ပထမဆုံး မောင်းသူမဲ့ကားကို ဈေးကွက်မှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

Featured Photo: wired