FOCUS ဆိုတဲ့ စာလုံးအကြီးကြီးကို သင်စိတ်ထွေပြားနေတိုင်း မြင်ကြည့်လိုက်ပါ။ အာရုံစူးစိုက်မှုကျသွားရင် စွမ်းဆောင်ရည်လည်း ကောင်းကောင်းထွက်လာမှာ မဟုတ်ပါဘူး။ Performance တက်လာဖို့အတွက် သိပ်ခက်ခက်ခဲခဲ လုပ်စရာမလိုတဲ့ နည်းလမ်းတစ်ချို့ မျှဝေချင်ပါတယ်။
အရင်ဆုံး ခါးကိုမတ်မတ်ထားပြီး အသက်ရှုရမှာ ဖြစ်ပါတယ်။ ရင်ဘတ်ကြီးတစ်ခုလုံး မောက်တက်သွားအောင် အသက်ရှုလိုက်ပါ။ ရင်ခေါင်းထဲကနေ အစာအိမ်အထိ လေတွေ ပြည့်သွားတာနဲ့အမျှ စိတ်အာရုံစုစည်းမှု တက်လာတာ ခံစားရပါလိမ့်မယ်။ ၁ ကနေ ၄ အထိ ရေရင်းနဲ့ အသက်ပြင်းပြင်းရှုနေပြီး ၈ အထိ ရေတွက်ပြီး အသက်ရှုထုတ်လိုက်ပါ။

Photo: Freepik
ဝတ်ထားတဲ့ အဝတ်အစားတွေက တင်းကြပ်နေရင်လည်း ချောင်ချောင်ချိချိနဲ့ သက်တောင့်သက်သာ ဖြစ်အောင် ပြုပြင်ထားပါ။ စိတ်ထဲက အတွေးတွေကို အရင်ဆုံး ရှင်းထားလိုက်ပါ။ ဘာအတွေးမှ မရှိဘဲ ငြိမ်နေအောင် စိတ်ကို စောင့်ဖမ်းလိုက်ပါ။ စိတ်ထဲမှာ အတွေးရှင်းသွားဖို့က စိတ်အလေ့အကျင့်ပေါ် လိုက်ပြီး မြန်မြန်ဆန်ဆန် ငြိမ်သက်သွားတတ်ပါတယ်။
စိတ်ဟာ အတွေးတွေ ရှင်းသွားရင် သိသိသာသာ စိတ်သက်သာရာ ရလာပါလိမ့်မယ်။ ဒီနောက် ကိုယ့်ရဲ့ Self လို့ခေါ်တဲ့ အတ္တနဲ့ ပြန်ပြီး ဆက်သွယ်မှု လုပ်ရမှာပါ။ ရှင်းရှင်းပြောရရင် ကိုယ့်စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲ။ ပျော်နေသလား ၊ ဝမ်းနည်းနေသလား ၊ ဟိုစိတ်ရောက် ဒီစိတ်ရောက် ဖြစ်နေသလား သိအောင်လုပ်ရမှာ ဖြစ်ပါတယ်။

Photo: Freepik
လက်ရှိပစ္စုပ္ပန်အကျဆုံး အနေအထားလေးကို ဖမ်းယူလိုက်ပါ။ တစ်ကြိမ်မှာ တစ်ခုတည်း လုပ်တဲ့ စိတ်အလုပ်ကို လုပ်ပြီးသွားရင်တော့ ကိုယ့်လက်ရှိအလုပ်ပေါ် အာရုံစိုက်ရမှာပါ။ လုပ်စရာရှိတဲ့ အလုပ်တွေအားလုံးကို တစ်ပြိုင်တည်း သိမ်းကြုံးလုပ်တာထက် တစ်ခါလုပ်ရင် တစ်ခုကိုပဲ အာရုံစိုက်ပြီး လုပ်သွားဖို့ ဖြစ်ပါတယ်။
ဒါဆိုရင် စိတ်အာရုံစုစည်းမှု မြင့်မားလာမှာ ဖြစ်ပြီး လုပ်ဆောင်မှုစွမ်းရည်လည်း တိုးတက်လာမှာပါ။ စိတ်အာရုံစုစည်းမှုအားကောင်းပြီး လူသစ်စိတ်သစ် ခွန်အားအပြည့်ဖြစ်လာဖို့ လူမှုကွန်ရက်မီဒီယာအသုံးပြုမှုကိုလည်း ရှောင်ရှားဖို့ လိုပါတယ်။
