စနေနေ့ညက ဝင်ဘာလေကွင်းကြီးမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်း နဲ့ အက်ဖ်အေဖလားချန်ပီယံ အာဆင်နယ်အသင်းတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက လီဗာပူးလ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး ကွန်မြူနတီဒိုင်း ချန်ပီယံဆုကို သိမ်းပိုက်သွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းအနေနဲ့ ၄-၃-၃ ကစားကွက်နဲ့အတူ အတောင့်တင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး အာဆင်နယ်အသင်းကလည်း ၃-၄-၃ ကစားကွက်နဲ့အကောင်းဆုံး ပြင်ဆင်ပွဲထွက်လာခဲ့ပါတယ်။

Source : Evening Standard

ဒီပွဲရဲ့အဖွင့်ဂိုးကိုတော့ ပွဲကစားချိန် (၁၂) မိနစ်မှာ လီဗာပူးလ်အသင်းဘက်ကို ထိုးစစ်ဆင်ကစားနေတဲ့ အာဆင်နယ်ကစားသမား အူဘာမီယန်းက အလှပဆုံးပုံစံနဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးခွင့်ပြုပြီးနောက်ပိုင်း လီဗာပူးလ်အသင်းပြန်လည်တိုက်စစ်ဆင်ကစားခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းကအတော်လေးကိုမာထန်နေခဲ့ပြီး အကောင်းဆုံးကာကွယ်မှုတွေလုပ်နိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်း ချေပဂိုးမရရှိပဲ ပထမပိုင်းကို (၁-ဝ) ဂိုးရလဒ်ဖြင့်အဆုံးသတ်ခဲ့ရပါတယ်။ ပွဲချိန်ဒုတိယပိုင်းမှာတော့ ချေပဂိုးရရှိဖို့ ဖိအားဝင်နေတဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဝီလျံနဲ့ မီနာနေရာမှာ ကီတာနဲ့ မီနာမီနိုတို့ကို ထည့်သွင်းလာခဲ့ပြီး တိုက်စစ်ကိုပိုမိုအားဖြည့်ကစားလာခဲ့ပါတယ်။

Source : Evening Standard

ဒုတိယပိုင်းမိနစ်တွေမှာ လီဗာပူးလ်အသင်းအနေနဲ့ အခွင့်အရေးတွေလည်းရခဲ့သလို အာဆင်နယ်အသင်းကို ပြန်လည်ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲကစားချိန် (၇၃)မိနစ်မှာ လူစားလဲဝင်ရောက်လာတဲ့ မီနာမီနိုက လီဗာပူးလ်အသင်းအတွက် ချေပဂိုးကိုပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ မီနာမီနိုရဲ့ လီဗာပူးလ်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးလည်းဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ နှစ်သင်းစလုံး ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် (၁-၁) ဂိုးသရေရလဒ်နဲ့ ဒုတိယပိုင်းကိုအဆုံးသတ်ပြီး ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ကြတာဖြစ်ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ အာဆင်နယ်အသင်းက နယ်လ်ဆင် မစ်လန်းနိုင်းစ် စီဒရစ် လူးဝဇ် နဲ့ အူဘာမီယန်း တို့ကန်သွင်းခဲ့ပြီး ၅ ဂိုးလုံး ဂိုးရရှိခဲ့ကာ လီဗာပူးအသင်းကတော့ ဆာလာ ဖာဘင်ဟို ဘရူးစတား မီနာမီနို ကာတစ်ဂျုံးစ် တို့ကန်ခဲ့ပြီး ဘရူးစတားရဲ့ ကန်ချက်လွဲချော်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် (၅-၄) ဂိုးဖြင့် အာဆင်နယ်အသင်း အနိုင်ရရှိခဲ့ကာ (၁၆) ကြိမ်မြောက် ကွန်မြူနတီဒိုင်း ချန်ပီယံဆုသိမ်းပိုက်သွားခဲ့တာဖြစ်ပါတယ်။

Source : Evening Standard