အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ကြီးမားတဲ့အပြောင်းအလဲတွေ ပြုလုပ်ဖို့အတွက် ကြယ်ပွင့်ကစားသမားတွေကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ ၂၀၁၉ ခုနှစ်မှာ လိုင်လီကနေ ပြောင်းရွှေ့လာပြီးကတည်းက ပရီးမီးယားလိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ လျင်မြန်မှုတို့ကို အသားကျဖို့ ရုန်းကန်နေရတဲ့ အသက် ၂၅ နှစ်အရွယ် တောင်ပံကြယ်ပွင့် နီကိုးလတ်စ် ပီပီအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတွေတုန်းကလို ခြေစွမ်းပိုင်းတည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ရုန်းကန်နေရတဲ့ ပီပီအတွက် ကြီးမားတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

Photo: sportskeeda
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် ဇာဟာအစား နီကိုးလတ်စ် ပီပီကို ပေါင် ၇၂ သန်းနဲ့ လိုင်လီအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပီပီဟာ လိုင်လီအတွက် လီဂူးဝမ်း ၃၈ ပွဲမှာ သွင်းဂိုး ၂၂ ဂိုးသွင်းယူပေးပြီး မယုံကြည်နိုင်ဖွယ်ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းအတွက် ကစားပေးနေတဲ့ကာလအတွင်း ၎င်းရဲ့အရည်အသွေးကို တစ်ချက်တစ်ချက် လှစ်ဟပြခဲ့ပေမယ့်လည်း ပီပီဟာ အာဆင်နယ်အသင်းပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ဖို့အတွက် ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ပီပီဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၈၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၀ သာ သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပြီး နည်းပြအာတီတာက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ ယခုနွေရာသီမှာ လူစာရင်းကို သွေးသစ်လောင်းဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဂွမ်ဒိုဇီ၊ ကိုလာစီနက်၊ တော်ရဲရား၊ မိတ်လန်းစ်-နိုင်းစ်တို့လိုကစားသမားတွေကို ရောင်းထုတ်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပေမယ့် ပီပီကို ရောင်းချရသလောက်တော့ ငွေကြေးများများစားစား ရရှိဖွယ်မရှိတာဖြစ်ပါတယ်။ မြောက်လန်ဒန်ကလပ်အသင်းဟာ ပီပီအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားချင်တဲ့ဆန္ဒရှိနေတယ်လို့ ဖက်ဘရီဇီယို ရိုမာနိုက ယုံကြည်နေပေမယ့် ၂၀၁၉ ခုနှစ်တုန်းက လိုင်လီအသင်းကနေ ခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ပေါင် ၇၂ သန်းထဲက အများစုကို ပြန်လည်ရရှိဖို့တော့ ရုန်းကန်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

Photo: thetopflight
“ကစားသမားတွေရဲ့ ခံစားချက်က အာဆင်နယ်အသင်းက သူနဲ့ နောက်ထပ်တစ်ကြိမ် ကြိုးပမ်းလိမ့်မယ်။ အာတီတာနဲ့လည်း ဥရောပမှာ ဒီ ယူဆချက်တွေကို တည်ဆောက်ဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်ပြီး လာမယ့်ရာသီ ဘာဖြစ်မလဲ ကြည့်ကြတာပေါ့ဆိုသလိုမျိုးပါ။ ဒါပေမယ့် အရေးပါတဲ့ကမ်းလှမ်းမှုက ရောက်ရှိလာခဲ့ရင်တော့ အာဆင်နယ်က စဉ်းစားသွားမှာပါ။ ဒါပေမယ့် အဲဒီအချိန်မှာ ဒီကစားသမားအတွက် ဒီလောက်ပိုက်ဆံကို ရဖို့ကတော့ တကယ်ကို ခက်ခဲမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
