အာဆင်နယ်ပရိသတ်တွေဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ဒုတိယမြောက်ဂိုးကို ကာကွယ်ဖို့အတွက် နည်းပြအာတီတာက ဒဏ်ရာရရှိနေတဲ့ သောမတ်စ်ပါတေးကို ကွင်းထဲ တွန်းလွှတ်ခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။

သောမတ်စ်ပါတေးဟာ ပွဲမတိုင်ခင်ကတည်းက ဒဏ်ရာပြဿနာ စိုးရိမ်ပူပင်စရာဖြစ်ခဲ့ပေမယ့်လည်း ပွဲထွက်ပါဝင်ကစားဖို့အတွက် လုံလောက်တဲ့ ကြံ့ခိုင်မှုရှိခဲ့ပုံပေါ်ပါတယ်။ ပွဲရဲ့ အရှိန်က ဂါနာလက်ရွေးစင်ကြယ်ပွင့်အပေါ် အကျိုးသက်ရောက်မှုရှိလာခဲ့ပြီး ၎င်းရဲ့အသင်းက တိုက်စစ်ဆင်နေချိန်မှာ ကွင်းဘေးစည်းဆီကို လမ်းလျှောက်လာခဲ့တာဖြစ်ပါတယ်။

Photo: SPORTbilble

ဒါပေမယ့်လည်း စပါးအသင်းက အာဆင်နယ်ရဲ့တိုက်စစ်ကို ဖြတ်တောက်ပြီး လျင်မြန်တဲ့တန်ပြန်တိုက်စစ်ဆင်လာချိန်မှာတော့ အာတီတာက ပါတေးကို ကွင်းအတွင်း တွန်းလွှတ်ခဲ့ပေမယ့် ဟယ်ရီကိန်းက စပါးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပါတေးဟာ စပါးအသင်းရဲ့တိုက်စစ်ကို ခုခံဖို့အတွက် ကြိုးစားခဲ့ပေမယ့် ပြေးလွှားခဲ့တဲ့အချိန်မှာ ဒဏ်ရာကြောင့် ထော့နဲ့ထော့နဲ့ ဖြစ်နေခဲ့တာကြောင့် ရပ်လိုက်တာကို မြင်တွေ့ခဲ့ရပြီး ဟယ်ရီကိန်းရဲ့သွင်းဂိုး သွင်းယူအပြီးမှာ ဆီဘယ်လော့စ်နဲ့ ချက်ချင်း လူစားလဲလှယ်ခံခဲ့ရတာဖြစ်ပါတယ်။

Photo : Modern Ghana

အာဆင်နယ်အသင်းအတွက် ဒဏ်ရာပြဿနာက ဆိုးရွားနေရာကနေ ပိုလို့တောင် ဆိုးရွားလာခဲ့ပုံပေါ်ပြီး ပရိသတ်တွေဟာ နည်းပြအာတီတာကို ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။