အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချဲလ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ တီမို ဗာနာကို ချန်လှပ်ထားခဲ့ဖို့ သောမတ်စ် တူချယ်ကို တောင်းဆိုခဲ့ပါတယ်။
တီမို ဗာနာဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပေမယ့် ပေါလ် မာဆန်က မန်စီးတီးကို ပူလီဆစ်က ပိုပြီးတော့ ပြဿနာဖြစ်စေနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ မေလ ၂၉ ရက်နေ့မှာ ၎င်းတို့ရဲ့ ဒုတိယမြောက် ချန်ပီယံလိဂ်ဖလားကို ရရှိဖို့အတွက် မျှော်မှန်းထားမှာဖြစ်ပေမယ့် ဥရောပမှာ အကောင်းဆုံးအသင်းဆိုတာ ငြင်းစရာမရှိတဲ့ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် စိုးရိမ်ပူပင်စရာတွေ ရှိနေတာဖြစ်ပါတယ်။

Photo: The Independent
“တီမို ဗာနာက ရီးရဲလ်နဲ့ပွဲမှာ ချဲလ်ဆီးအသင်းအတွက် ကြီးမားတဲ့ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် သူ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မကစားသင့်ပါဘူး။ မန်စီးတီးနဲ့ပွဲမှာ ပူလီဆစ်က ပွဲထွက်ပါဝင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ပိုပြီးအဆုံးသတ်ကောင်းတဲ့သူမို့လို့ပါ”
“တကယ်လို့ ပူလီဆစ်သာ ပွဲထွက်မကစားရဘူးဆိုရင် ကျွန်တော် အံ့သြတုန်လှုပ်မိမှာပါ။ သူ ကစားသမား ၂ ယောက်၊ ၃ ယောက်လောက်ကို အနိုင်ယူနိုင်တယ်။ သူက ဂိုးရှေ့မှာဆိုရင် တီမို ဗာနာထက် ပိုပြီးကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
