အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးက ပီအက်စ်ဂျီအသင်းအနေနဲ့ ဘာစီလိုနာဂန္တဝင် လီယွန်နယ်မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းတာထက် ဘတ်ပီနဲ့ နေမာတို့ကို ရေရှည်ထိန်းသိမ်းထားဖို့ကို ဦးစားပေးသင့်တယ်လို့ ယုံကြည်နေပါတယ်။

မက်ဆီရဲ့ ဘာစီလိုနာအသင်းဟာ အင်္ဂါနေ့ညက ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့အိမ်ကွင်းပွဲစဉ်မှာ ၄-၁ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ နူးကမ့်မှာ ဘာစီလိုနာအသင်းအတွက် ပင်နယ်တီကနေတဆင့် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘတ်ပီရဲ့ အလွန်ကောင်းမွန်တဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ မွိုက်ကီးန်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပီအက်စ်ဂျီအသင်းဟာ အဖိုးတန် အဝေးကွင်းနိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။

Photo: FootyRoom

မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာအသင်းကနေ အံ့အားသင့်ဖွယ် ထွက်ခွာဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့သူဖြစ်ပြီး လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်မီ နောက်ထပ်တစ်ကြိမ် ကောလာဟလသတင်းတွေက မြင့်တက်လာနေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ခေါ်ယူဖို့ တတ်နိုင်တဲ့ ကလပ်အသင်းအနည်းငယ်ထဲက တစ်သင်းဖြစ်ပေမယ့် အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက အသင်းရဲ့ဦးစားပေးက ဘတ်ပီနဲ့ နေမာတို့ကို ကာလရှည်စာချုပ်တွေ ချုပ်ဆိုနိုင်ဖို့ ဖြစ်သင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လီဂူးဝမ်း ချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ အထူးသဖြင့် ၂၀၂၂ ခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဘတ်ပီ ထွက်ခွာမှာကို စိုးရိမ်နေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်အသင်းတို့က ပြင်သစ်တိုက်စစ်မှူးနဲ့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းသင့်လားလို့ မေးမြန်းခဲ့ရာမှာ အာစင်ဝင်းဂါးက beIN Sports ကို အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

Photo: Metro

“ဒါက နောက်ထပ်မေးခွန်းတစ်ခုပေါ့။ ဘာလို့လဲဆိုတော့ မက်ဆီက ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုကို တောင်းဆိုမှာမို့လို့ပါ။ ပီအက်စ်ဂျီအသင်းအနေနဲ့ သူတို့ရဲ့ အကောင်းဆုံးကစားသမား ၂ ဦးကို ထိန်းသိမ်းဖို့နဲ့ အဲဒီကစားသမား ၂ ဦးအတွက် သူတို့မှာရှိသမျှပိုက်ဆံအားလုံးကို ရင်းနှီးမြှုပ်နှံဖို့ကို ပိုပြီး အာရုံစိုက်သင့်တယ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်။ ဘတ်ပီက ၂၂ နှစ်ပဲရှိသေးပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားဖြစ်ကောင်းဖြစ်နိုင်တယ် ဒါမှမဟုတ် အနာဂတ် ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားဖြစ်နိုင်တယ်။ ခင်ဗျား ကမ္ဘာပေါ်မှာ နောက်ထပ်အကောင်းဆုံးကစားသမား ၂ ဦးရှိနေတဲ့အချိန်မှာ သူတို့ကို ထိန်းသိမ်းရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။