Super Sunday ရဲ့ ပွဲကောင်းများစွာထဲကမှ အစောဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ လက်စတာအသင်းတို့ ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းဟာ ဆိုးရွားတဲ့ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လက်စတာအသင်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်အသင်းကတော့ (၄-၄-၂) ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး အိမ်ရှင်လက်စတာအသင်းကို နိုင်ဖို့အင်အားပြည့်ပွဲထွက်လာခဲ့ပေမယ့် ပွဲချိန်အပြီးမှာတော့ (၃-ဝ) ဆိုတဲ့ရလဒ်နဲ့ အိမ်ရှင်လက်စတာအသင်းကို အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ ပွဲချိန်အစပိုင်းမှာတော့ ၂ သင်းစလုံး ပုံမှန်ခြေစွမ်းတွေနဲ့ ကစားနေခဲ့ကြပေမယ့် ပွဲချိန်ကြာမြင့်လာတာနဲ့ အမျှ လက်စတာအသင်းရဲ့ တိုက်စစ်ပိုင်းက တော်တော်လေး အသက်ဝင်လာခဲ့တာဖြစ်ပါတယ်။

Source : Bleacher Report

လက်စတာအသင်းရဲ့ ဖိအားပေးကစားမှုပေါ် အာဆင်နယ်ကစားသမားများအတွက် တော်တော်လေးခက်ခဲခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ တန်ပြန်တိုက်စစ်ဆင်မှုကို လုံးဝမတွေ့ရသလောက်ကို ဖြစ်နေခဲ့တာဖြစ်ပါတယ်။ အဝေးကွင်းမှာ ခြေစွမ်းပျောက်ရှနေတဲ့ အာဆင်နယ် အသင်းအနေနဲ့ ထပ်မံပြီး ကံဆိုးမိုးမှောင်ကျခဲ့ကာ ပွဲချိန် (၃၆) မိနစ်ခန့်မှာ ညာနောက်တန်းကစားသမား မိန့်လန်းနိုင်းစ်ဟာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့လိုက်ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းပွဲချိန်စတင်ချိန်မှာလည်း အိမ်ရှင်လက်စတာအသင်းရဲ့ ဦးဆောင်ဖိအားပေးကစားမှုတွေနဲ့အတူ ပွဲကိုဆက်လက်ကစားခဲ့ရာ ပွဲချိန် (၅၉) မိနစ်မှာတော့ လက်စတာကစားသမား တီလေမန်းစ်ရဲ့ ခေါင်းတိုက် ဂိုးသွင်းချက်ကနေ ဦးဆောင်ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

Source : 90Min

ထပ်မံပြီး ပွဲချိန် (၈၆) မိနစ်မှာလည်း တိုက်စစ်မှူးဗာဒီရဲ့ လှပတဲ့ဂိုးသွင်းချက်နဲ့ အတူ ဒုတိယဦးဆောင်ဂိုးကို ထပ်မံရရှိသွားခဲ့တာဖြစ်ပါတယ်။ အံ့သြစရာကောင်းလောက်အောင် ခြေစွမ်းတွေပြနေခဲ့တဲ့ လက်စတာအသင်းတိုက်စစ်မှူးဗာဒီကတော့ ပွဲချိန်မိနစ် (၉၀) ကျော်လွန်လို့ ထပ်ဆောင်းအချိန်ပို (၅) မိနစ်ပေးခဲ့အချိန်မှာလည်း တတိယအနိုင်ဂိုးအတွက် အပိုင်ကန်သွင်းယူခဲ့ကာ (၃-ဝ) ဆိုတဲ့ဂိုးပြတ်ရလဒ်နဲ့ အာဆင်နယ်အသင်းကို အနိုင်ရယူသွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲအတွက် အမှတ်တွေများစွာလိုအပ်နေတာဖြစ်ပြီး ဒီနေ့လက်စတာအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အတွက် ပိုမိုဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်သွားခဲ့ရပြီဖြစ်ပါတယ်။

Source : Football.London