ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ နာပိုလီအသင်းပွဲစဉ်မှာတော့ အာဆင်နယ်အသင်းဟာ နာပိုလီအသင်းကို (၁-ဝ) ဖြင့်အနိုင်ရယူခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကိုတက်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ နာပိုလီအသင်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ ဒီပွဲဟာ အာဆင်နယ်အသင်းအတွက်တော့ မလွယ်ကူခဲ့ပါဘူး။ ပွဲစဉ်အစပိုင်းမှာကတည်းက အိမ်ရှင်နာပိုလီအသင်းရဲ့ ဖိအားပေးကစားခြင်းကိုခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Source : arseblog news

အိမ်ရှင်နာပိုလီအသင်းအနေနဲ့ ပွဲကိုဦးဆောင်ကစားနိုင်ခဲ့ပြီး ခြေစွမ်းအရ အသာစီးရခဲ့သော်လည်း တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေများစွာရှိနေခဲ့တာကြောင့် ဂိုးရရှိမယ့်အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်ဟာ အာဆင်နယ်အသင်းအတွက် အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်တာကြောင့် နည်းပြအူနိုင်းအမ်မရီကတော့ တိုက်စစ်ပိုင်းကို ပိုမိုအားဖြည့်ကာ အူဘာမီယန်းနဲ့ လာကာဇက်နှစ်ဦးစလုံးကို ထည့်သွင်းကစားသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲအတွက် အနိုင်ဂိုးကိုလည်း တိုက်စစ်မှူး လာကာဇက်ကပဲ ပွဲချိန် (၃၆) မိနစ်မှာ ဖရီးကစ်တိုက်ရိုက်ကန်ချက်ဖြင့် ပိုင်ပိုင်နိုင်နိုင်ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

Source : Independent.ie

တကယ်ဆိုရင် အိမ်ရှင်နာပိုလီအသင်းရဲ့ တိုက်စစ်က အာဆင်နယ်အသင်းထက် ပိုမိုသာလွန်ကောင်းမွန်ခဲ့ပေမယ့်လည်း အံ့သြစရာကောင်းလောက်အောင်ကို ဂိုးကံခေနေခဲ့တယ်လို့ ဆိုရပါမယ်။ အာဆင်နယ်အသင်းအနေနဲ့ကတော့ ရရှိလာတဲ့ အခွင့်အရေးကို ကောင်းစွာအသုံးချနိုင်ခဲ့ပြီး တစ်ဂိုးတည်းသော သွင်းဂိုးနဲ့အတူ အိမ်ရှင်နာပိုလီအသင်းကို အနိုင်ယူကာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို (၂) ရာသီဆက် တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ကတော့ လာမယ့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဗလင်စီယာအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Source : Depor