အာဆင်နယ်အသင်းဟာ စည်းကမ်းချိုးဖောက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တဲ့ တိုက်စစ်မှူးအူဘာမီယန်းကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။

အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးအူဘာမီယန်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကိစ္စနဲ့ ပြင်သစ်ကိုလိုက်သွားခဲ့ရာမှ သတ် မှတ်ထားတဲ့ရက်အတွင်း အသင်းကို ပြန်လည်ရောက်ရှိလာခြင်းမရှိတာကြောင့် လေ့ကျင့်ရေးပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လေးစားလိုက်နာမှုမရှိတဲ့အတွက် ဒီတစ်ကြိမ်မှာတော့ အာဆင်နယ်နည်းပြအာတီတာအနေနဲ့ ၎င်းတိုက်စစ်မှူးကို အသင်းခေါင်းဆောင်နေရာကနေ ဖယ်ရှားလိုက်တာပါ။

arsenal-strip-pierre-emerick-aubameyang-of-captaincy-after-latest-disciplinary-breach

Photo : iNews

ပြီးခဲ့တဲ့တစ်ပတ်က ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာလည်း အူဘာမီယန်းအနေနဲ့အသင်းရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုကြောင့် လူစာရင်းမှ ချန်လှပ်ခဲ့ရခြင်းဖြစ်ကြောင်း နည်းပြအာတီတာက အတည်ပြုပြောကြားခဲ့ပါတယ်။ အူဘာမီယန်းဟာ ဖေဖော်ဝါရီတုန်းကလည်း ကိုဗစ်စည်းမျဉ်းတွေချိုးဖောက်ခဲ့သလို လေ့ကျင့်ရေးနောက်ကျမှုတွေနဲ့ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုတွေရှိနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဂါဘွန်လက်ရွေးစင်ကစားသမားအနေနဲ့ တတိယကြိမ်မြောက် စည်းကမ်းချိုးဖောက်မှုပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ အသင်းခေါင်းဆောင်နေရာက ဖယ်ရှားခံလိုက်ရတဲ့အပြင် ဒီဇင်ဘာ ၁၆ ရက်နေ့မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားမယ့် ဝက်စ်ဟမ်းအသင်းနဲ့ လန်ဒန် ဒါဘီပွဲစဉ်မှာလည်း ပါဝင်မည်မဟုတ်ကြောင်း အာဆင်နယ်အသင်းရဲ့ မနေ့က သတင်းထုတ်ပြန်ကြေညာချက်မှာ အတည်ပြုသွားခဲ့ပါတယ်။

” ဒါဟာ စည်းကမ်းချိုးဖောက်မှုတစ်ခုကြောင့် အသင်းခေါင်းဆောင်းနေရာ ကနေထွက်ခဲ့ရတာပါ ၊ ကျွန်တော်အနေနဲ့ တခြားဘာမှထပ်ပြီး မပြောတော့ပါဘူး ၊ စွမ်းဆောင်ရည်နဲ့ ကွင်းထဲမှာ အသင်းက ဘာလုပ်ခဲ့လဲဆိုတာကိုပဲ အာရုံစိုက်သွားမှာပါ”

arsenal-strip-pierre-emerick-aubameyang-of-captaincy-after-latest-disciplinary-breach

Photo : All Soccer

” ကျွန်​​တော်​တို့ ကစားသမား​အားလုံး အထူးသဖြင့်​ ကျွန်​​တော်​တို့ရဲ့ အသင်း​ခေါင်းဆောင်​က ကျွန်​​တော်​တို့ ချမှတ်​ထားတဲ့ စည်းကမ်းနဲ့ စံချိန်​စံညွှန်း​တွေအတိုင်း လိုက်နာ​ဖို့ ကျွန်​​တော်​တို့ လိုလားတယ်​။ မနက်​ဖြန်​ပွဲအတွက်​ ကျွန်​​တော်​တို့ အပြည့်​အဝ အာရုံစိုက်​ထားပါတယ်​” လို့ အာဆင်နယ် နည်းပြအာတီတာ က ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ အာဆင်နယ်အသင်းအနေနဲ့ အူဘာမီယန်းနေရာမှာ အစားထိုးခန့်အပ်မယ့် အသင်းခေါင်းဆောင်အသစ်ရာထူးအတွက် ဘယ်ကစားသမားကို ရွေးချယ်ထားတယ်ဆိုတာတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

တိုက်စစ်မှူးအူဘာမီယန်းဟာ ယခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၅ ပွဲပါဝင်ကစားထားကာ သွင်းဂိုး ၇ ဂိုးသာသွင်းယူနိုင်တဲ့ အနေအထားနဲ့ ရုန်းကန်နေရပြီး အခုလက်ရှိအခြေအနေတွေကြောင့် စာချုပ်သက်တမ်းမကုန်ခင် အသင်းကထွက်ခွာသွားမှာလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Featured Photo : Daily Mail